သင့်ရဲ့ လက်သည်းတွေ အကြောင်းကို သင်ကောင်းကောင်းသိပြီလား

သင့်ရဲ့ လက်သည်းတွေ အကြောင်းကို သင်ကောင်းကောင်းသိပြီလား

ရေးသားသူ Arkar Hein
 ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

လက်သည်းတွေဟာ ခန္ဓာကိုယ်ရဲ့ အဓိကအရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေ မဟုတ်ဘူးလို့ တော်တော်များများက ထင်တတ်ကြပေမဲ့ လက်သည်းတွေဟာ ကျန်းမာရေးရဲ့ လက္ခဏာတွေကို ပြနေတဲ့ နေရာတစ်ခုဖြစ်တဲ့အပြင် အလှအပအတွက်ပါ အရေးကြီးတဲ့ အင်္ဂါ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ ဒီလို အရေးကြီးတဲ့ အင်္ဂါ အစိတ်အပိုင်းမဟုတ်ဘူးလို့ ထင်ကြတာကြောင့်ရော ၊ ကျန်းမာရေးပြဿနာ သိပ်ဖြစ်လေ့ မရှိတာကြောင့်ရော လက်သည်းတွေနဲ့ ပတ်သတ်တဲ့ အချက်တွေကို လူတော်တော်များများ မသိကြပါဘူး။ ဒီလို မသိသေးကြတဲ့ လူတွေ အတွက် စိတ်ဝင်စားစရာ အချက်လေးတွေကို ကျွန်တော်တို့ Hello sayarwon မှ စုစည်းဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

၁။ လက်သည်းတွေကို ကဲရာတင် (keratin) နဲ့ ဖွဲ့စည်းထားတာပါ။

ကဲရာတင် (keratin) ဆိုတာ ဖိုင်ဘာ ပရိုတင်း တစ်မျိူး ဖြစ်ပြီး ဆံပင်၊ လက်သည်း၊ ခွာ နဲ့ ချိုတို့မှာ အဓိက ပါဝင်နေတဲ့ ပရိုတင်းဓာတ် တစ်မျိုး ဖြစ်ပါတယ်။ ကဲရာတင်ကို ခန္ဓာကိုယ် အတွင်းပိုင်း
အင်္ဂါတွေနဲ့ ဂလင်းတွေမှာလည်း တွေနိုင်ပါသေးတယ်။ ကဲရာတင်ဟာ အကြမ်းခံတဲ့ ပရိုတင်းဖြစ်ပြီး ခန္ဓာကိုယ်က တစ်ခြားဆဲတွေလို ပျက်ဆီးတာမျိုး သိပ်မရှိပါဘူး။ ကဲရာတင်ဟာ လက်သည်း၊ ခြေသည်း ကျန်းမာရေးအတွက် အဓိကကာကွယ်ပေးပြီး လက်သည်းခြေသည်းတွေကို ပိုပြီးသန်မာစေပါတယ်။

၂။ သင်မျက်စိနဲ့ မြင်ရတဲ့ ဆဲလ်တွေဟာ အသေတွေဖြစ်ပါတယ်။

လက်သည်းခြေသည်းတွေဟာ အရေပြားတွေအောက်မှာ စတင်ကြီးထွားနေတာ ဖြစ်ပါတယ်။ ဆဲလ် အသစ်တွေ စတင်ကြီးထွားလာတာနဲ့ ဒီဆဲလ်တွေက ဆဲလ်အဟောင်းတွေကို အရေပြား အပြင်ဘက်ကို တွန်းထုတ်လိုက်ပါတယ်။ ဒါကြောင့် သင်မျက်စိနဲ့ မြင်နေရတဲ့ ဆဲလ်တွေက ဆဲလ်အသေတွေပါ။ ဒါကြောင့်မို့ လက်သည်း၊ ခြေသည်း ညှပ်တဲ့ အခါ မနာကျင်ကြတာပေါ့။

၃။ လက်သည်း၊ ခြေသည်းတွေ ကြီးထွားလာဖို့ အတွက် သွေးစီးဆင်းမှု လိုပါတယ်။

လက်သည်း၊ ခြေသည်း အပြားတွေ အောက်မှာရှိတဲ့ nail bed လို့ခေါ်တဲ့ အရေပြားအောက်မှာ သေးငယ်တဲ့ ဆံချည်မျှင်သွေးကြောလေးတွေ ရှိပါတယ်။ ဒီသွေးကြောတွေက လက်သည်း၊ ခြေသည်းတွေကို ပိုကြီးထွားလာအောင်ပြုလုပ်ပေးပြီး ပန်းဆီရောင် ကို ဖြစ်စေတာပါ။ nail bed ဟာ တစ်ခြား အရေပြားတွေလိုပဲ deeper dermis လို့ခေါ်တဲ့ ဆံချည်မျှင်သွေးကြောနဲ့ ဂလင်းတွေပါဝင်တဲ့ တစ်ရှုးတွေနဲ့ epidermis ခေါ်တဲ့ လက်သည်း၊ ခြေသည်းပြားအောက်က တစ်ရှူးတွေနဲ့ ဖွဲ့စည်းထားပါတယ်။

၄။ လက်သည်း၊ ခြေသည်းတွေကလည်း အာရုံခံနိုင်စွမ်းရှိပါတယ်။

သင်မျက်စိနဲ့ မြင်နေရတဲ့ လက်သည်း၊ခြေသည်းတွေဟာ အသေတွေဖြစ်ပြီး ခံစားချက် မရှိပါဘူး။ ဒါပေမဲ့ Nail bed အရေပြားမှ dermis မှာ အာရုံခံ နာဗ်ကြောတွေ ရှိနေပါတယ်။ လက်သည်း၊ ဖြေသည်းတွေကို ဖိအား တစ်ခုခု ဖိမိတဲ့ အခါ ဒီ အာရုံကြောတွေက ဦးနှောက်သို့ အချက်ပြစနစ်တွေ ပို့လွှတ်နိုင်ပါတယ်။

၅။ လက်သည်းတွေဟာ တစ်လကို ၃.၅ မီလီမီတာ ခန့်ရှည်ထွက်နိုင်ပါတယ်။

လက်သည်းတွေကတော့ ၃.၅ မီလီမီတာခန့်ရှည်ပြီး ခြေသည်းတွေကတော့ တစ်လကို ၁.၅ မီလီမီတာ ခန့်ရှည်လျားပါတယ်။ ဒီအတိုင်းအတာတွေကတော့ ကျန်းမာတဲ့ လူလတ်ပိုင်း အရွယ်တွေ အတွက်နှုန်းတွေ ဖြစ်ပါတယ်။ စားသုံးတဲ့ အာဟာရ နည်းပါးမယ်၊ လက်သည်းခြေသည်းတွေကို ဂရုစိုက် စောင့်ရှောက်မှု နည်းပါးမယ်ဆိုရင် ကြီးထွားနှုန်းကို ထိခိုက်နိုင်ပါတယ်။

၆။ လက်သည်းတွေက သင်သေသွားတဲ့ အချိန်တွေမှာ မကြီးထွားတော့ပါဘူး။

ဒီအချက်ဟာ သိသာလွန်းတဲ့ အချက်ဖြစ်ပေမဲ့ လက်သည်းတွေက သေသွားတဲ့ အချိန်တောင် ကြီးထွားနေနိုင်တယ်ဆိုတဲ့ ဒဏ္ဍာရီတွေ ရှိနေတဲ့ အတွက် ထည့်ရေးရတာပါ။ ဒီလို သေသွားရင်တောင် လက်သည်းတွေ ပိုရှည်လာတယ်ဆိုတဲ့ ဒဏ္ဍာရီဖြစ်ပေါ်ရခြင်းရဲ့ အကြောင်းရင်းတစ်ခု ကတော့ လူတစ်ယောက်သေဆုံးသွားပြီဆိုရင် အရေပြားတွေက ရေဓာတ် ခန်းခြောက်သွားပြီး ရှုံ့တွသွားတဲ့ အတွက် လက်သည်းတွေ ရှည်လာတယ်လို့ ထင်ရတာ ဖြစ်ပါတယ်။

၇။ အမျိုးသားတွေရဲ့ လက်သည်း၊ ခြေသည်းတွေက ပိုပြီး အရှည်မြန်ပါတယ်။

လက်သည်း၊ ခြေသည်းတွေက ပိုပြီး အရှည်မြန်တဲ့ အပြင် အမျိုးသား ဆံပင်တွေကလည်း အမျိုးသမီးတွေထက် ပိုပြီး အရှည်မြန်ပါတယ်။ ခြွင်းချက်တစ်ခုအနေနဲ့တော့ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ အမျိုးသမီးတွေရဲ့ ဆံပင်နဲ့ ခြေသည်း၊ လက်သည်းတွေက အမျိုးသားတွေထက်ပိုပြီး အရှည်မြန်ပါတယ်။

၈။ သင်အားသန်တဲ့ လက်က ခြေသည်း၊ လက်သည်းတွေကလည်း ရှည်လျားနှုန်း ပိုမြန်ပါတယ်။

သင်က ညာသန်လူတစ်ယောက်ဆိုရင် သင်ရဲ့ ညာဘက်က လက်သည်း၊ ခြေသည်းတွေက ဘယ်ဘက်လက်က ခြေသည်းလက်သည်းတွေ ထက်ပိုပြီး အရှည်မြန်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဖြစ်နိုင်တဲ့ အကြောင်းရင်းတစ်ခုကတော့ ဒီလက်က ကျန်တဲ့ လက်ထက်ပိုပြီး လှုပ်ရှားရတဲ့အတွက် ဖြစ်နိုင်ပါတယ်။

၉။ ရာသီဥတုတွေကလည်း လက်သည်း၊ ခြေသည်းတွေရဲ့ ကြီးထွားနှုန်းကို သက်ရောက်နိုင်ပါတယ်။

လက်သည်း၊ ခြေသည်းတွေက ဆောင်းရာသီထက်၊ နွေရာသီမှာ ပိုပြီး အရှည်မြန်ပါတယ်။ ဘာကြောင့် ဒီလို ဖြစ်ရတာလဲဆိုတာလေ့လာထားတဲ့ သုတေသန ပြုချက်တွေ များများစားစားမရှိသေးပေမဲ့ သုတေသနတစ်ခုအရ ဆောင်းရာသီမှာ ကြွက်များရဲ့ လည်သည်း၊ ခြေသည်း ကြီးထွားနှုန်း ရပ်တန့် သွားကြောင်းတွေ့ရှိခဲ့ကြပါတယ်။

၁၀။ သင့်ရဲ့ လက်ကို ဘယ်လောက်အသုံးပြုသလဲဆိုတာကလည်း လက်သည်း၊ ခြေသည်း ရှည်လျားနှုန်းကို သက်ရောက်နေပါတယ်။

keyboard သုံးနေတဲ့အခါမျိုး၊ ခုံပေါ်မှာ ခေါက်တာမျိုး၊ လက်ချောင်းများနဲ့ တစ်ခုခုနဲ့ ဖိနှိပ်တာတွေ များများလုပ်တဲ့အခါ လက်သည်းတွေကို ဒဏ်ရာ အသေးစားလေးတွေ ဖြစ်စေလာနိုင်ပါတယ်။ ဒီလို ဒဏ်အသေးစားလေးတွေက လက်ချောင်းထဲ သွေးစီးဆင်းမှုကို ပိုများပြားလာစေပြီး လက်သည်းတွေကို ပိုပြီး ရှည်လျားစေနိုင်ပါတယ်။

၁၁။ လက်သည်း၊ ခြေသည်း အရောင်က သင့်ရဲ့ ကျန်းမာရေး အလိုက်ပြောင်းလဲနေပါတယ်။

အရေပြားရောဂါ လက္ခဏာ ၁၀ ရာခိုင်နှုန်းလောက်ဟာ လက်သည်းခြေသည်းတွေနဲ့ ဆက်နွယ်နေပါတယ်။ အဝါရောင်၊ အညိုရောင်၊ နဲ့ အစိမ်းရောင်လက်သည်းတွေဖြစ်နေပြီဆိုရင် ဒါက သင့်မှာ မှိုကူးစက်ရောဂါ ခံစားနေတယ်ဆိုတဲ့ လက္ခဏာပါ။ တစ်ချို့သော ဖြစ်ရပ်တွေမှာကျတော့ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှုနှုန်းကို ထိန်းချုပ်ပေးပြီး လည်မျိုရှေ့နားမှာ တည်ရှိတဲ့ သွိုင်းရိုက် အကျိတ် ရောဂါ တစ်ခုခု ခံစားနေရတဲ့ အချိန်မျိုး၊ အနီပိမ့်များထတဲ့ psoriasis အရေပြားရောဂါဖြစ်နေတဲ့ အချိန်မျိုး၊ ဆီးချိုရောဂါ ဖြစ်နေတဲ့ အချိန်မျိူးမှာလည်း အဝါရောင် လက်သည်း၊ ခြေသည်းတွေ ဖြစ်တတ်ပါတယ်။

၁၂။ လက်သည်းပေါ်က အဖြူကွက်လေးတွေဟာ ကယ်လ်ဆီယမ်ချို့တဲ့လို ဖြစ်နေတာ မဟုတ်ပါဘူး။

လက်သည်းပေါ်က အဖြူကွက်လေးတွေ၊ အဖြူရောင်လိုင်းလေးတွေဟာ လက်သည်းကိုက်တဲ့အခါမျိုးကြောင့် ဖြစ်ပေါ်တဲ့ အသေးစားဒဏ်ရာလေးတွေကြောင့် ဖြစ်ရတာပါ။ ဒီအဖြူကွက်လေးတွေဟာ ပုံမှန်အားဖြင့် ဘာ အန္တရာယ်မှ မရှိဘဲ မကြာခင်မှာ ပြန်ပျောက်ကင်းသွားတတ်ပါတယ်။

၁၃။ စိတ်ဖိစီးမှုက လက်သည်း၊ ခြေသည်းတွေအပေါ်သက်ရောက်မှု ရှိပါတယ်။

စိတ်ဖိစီးမှုက သင့်ရဲ့ လက်သည်းတွေရှည်လျားနှုန်းကို နှေးကွေးစေပြီး ရှည်လျားနှုန်းကို ယာယီမျှ ရပ်တန့်သွားစေနိုင်ပါတယ်။ လက်သည်း၊ ခြေသည်းတွေ ပြန်လည် ရှည်လျားလာတဲ့ အခါမှာတော့ အလျားလိုက် အဖြူရောင်လိုင်းတွေ ဖြစ်ပေါ်လာတာကိုတွေ့ရမှာပါ။ ဒီအဖြူရောင်လိုင်းတွေက ပုံမှန်အားဖြင့် အန္တရာယ်မရှိဘဲ မကြာခင်မှာပဲ ပျောက်သွားတတ်ပါတယ်။

၁၄။ လက်သည်းကိုက်တဲ့အကျင့်က စိတ်လှုပ်ရှားတဲ့အတွက်ကြောင့် လုပ်မိတဲ့ အကျင့်တစ်မျိုး ဖြစ်ပါတယ်။

လက်သည်းကိုက်တတ်တဲ့ အကျင့်ကို onychophagia လို့ခေါ်ပြီး ရေရှည် ကျန်းမာရေး ထိခိုက်မှု ကို မဖြစ်စေပါဘူး။ ဒါပေမဲ့ ဒီလို လက်သည်းကိုက်တဲ့ အခါ လက်သည်းမှ ရောဂါပိုးမွှားများက ပါးစပ်ထဲရောက်နိုင်တဲ့ အတွက် တစ်ခါတစ်ရံမှာ ဖျားနားနိုင်ပါတယ်။ ဒါ့အပြင် လက်သည်းနားတစ်ဂိုက်က ဒဏ်ရာ ရသွားတဲ့ အရေပြားတွေမှာလည်း ရောဂါပိုးမွှားတွေ ကူးစက်ခံရနိုင်ပါသေးတယ်။

၁၅။ အမြဲတမ်း လက်သည်း၊ ခြေသည်း ဆိုးဆေးတွေ မသုံးပါနဲ့။

လက်သည်းတွေ အမြဲတမ်း ကျန်းမာရေးကောင်းမွန်နေစေဖို့ လက်သည်းဆိုးဆေးတွေ၊ အရောင်တင်ဆေးတွေ၊ လက်သည်းအတုတွေကို အမြဲတမ်း မသုံးပါနဲ့။ ဒီလိုပစ္စည်းတွေကိုသုံးစွဲခြင်းနဲ့
ဖျက်ခြင်းတို့လုပ်တဲ့အခါ လက်သည်း၊ ခြေသည်းတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒီတော့ ဒီလို ပစ္စည်းများကို အမြဲတမ်း မသုံးစွဲဘဲ မကြာခဏ နားပေးခြင်းဖြင့်လက်သည်း၊ ခြေသည်း တွေကို ပြန်လည်ကောင်းမွန်လာစေနိုင်ပါတယ်။

၁၆။ သင့် လက်သည်း၊ ခြေသည်း တွေရဲ့ အထူအပါးဟာ သင့်ရဲ့ မျိုးရိုးဗီဇနဲ့လည်း သက်ဆိုင်ပါတယ်။

လက်သည်း၊ ခြေသည်းတွေရဲ့ရှည်လျားနှုန်းနဲ့ တစ်ခြားသော ပုံပန်းသွင်ပြင်တွေဟာ သင့်ရဲ့ မျိုးရိုးဗီဇအပေါ် တစ်စိတ်တစ်ပိုင်းမှီခိုနေပါတယ်။ လက်သည်း၊ ခြေသည်းတွေရဲ့ ရှည်လျားနှုန်းနဲ့ တစ်ခြား ပုံပန်းသွင်ပြင်တွေကို သက်ရောက်နိုင်တဲ့ အကြောင်းအရာတွေကတော့ သင့်ရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေး အခြေအနေတို့ ဖြစ်ပါတယ်။

၁၇။ လက်သည်း၊ ခြေသည်းအရင်းရှိ အရေမာ အရစ် (ပန်းကုံး) ရဲ့ လုပ်ဆောင်ချက်။

လက်သည်း၊ ခြေသည်းအရင်းရှိ အရေမာ အရစ် (ပန်းကုံး) (cuticle) လေးတွေဆိုတာ လက်သည်း၊ ခြေသည်းတွေရဲ့ အရင်းပိုင်းက အရေပြား အမာလေးတွေကိုခေါ်တာ ဖြစ်ပါတယ်။ လက်သည်းတွေက အဲ့ဒီနေရာကနေပြီး စတင်ကြီးထွားလာတယ်လို့ထင်ရပေမဲ့ တကယ်တမ်းက လက်သည်းတွေ ကြီးထွားတဲ့ နေရာက အရေမာတွေထက် ပိုပြီး အတွင်းကျတဲ့နေရာမှာ ရှိပါတယ်။ သူ့ရဲ့ လုပ်ဆောင်ချက်ကတော့ လက်သည်း၊ခြေသည်းနဲ့ အရေပြား အပေါ်ယံ အလွှားကြား ဧရိယာကို ဘတ်တီးရီးယားတွေ မဝင်လာအောင် တားဆီးပေးထားတာ ဖြစ်ပါတယ်။ ဒီ အရေမာ အရစ် (ပန်းကုံး) (cuticle) လေးတွေ ဟာ ရောဂါပိုးတွေကို တားဆီးပေးထားတဲ့ အရာ ဖြစ်တာကြောင့် ဒါတွေ ညှပ်ပစ်ခြင်းကို အတတ်နိုင်ဆုံးရှောင်ကြဉ်ဖို့ လိုပါတယ်။

၁၇။ တစ်ခြားနို့တိုက်သတ္တဝါတွေနဲ့ အဆင့်မြင့်ဆုံး နို့တိုက်သတ္တဝါတို့ရဲ့ လက်သည်းတွေက မတူကြပါဘူး။

လူအပါအဝင် အဆင့်မြင့်ဆုံး နို့တိုက်သတ္တဝါ (Primates) တွေမှာ တိရစ္ဆာန်တွေရဲ့ လက်သည်းခြေသည်းတွေလို မဟုတ်ဘဲ ပါးလွှာတဲ့ လက်သည်းခြေသည်းတွေ အပြင် လားမရာမတူတဲ့ လက်မ ပါဝင်နေပါတယ်။ ဒီလို လက်သည်းနဲ့ လက်မတွေကြောင့် အရာဝတ္ထုတွေကို ပိုပြီး ကိုင်ဆုပ်နိုင်စွမ်းကောင်းမွန်စေပါတယ်။

သင့်ရဲ့ လက်သည်းတွေဟာ သင်ရဲ့ ခန္ဓာကိုယ်ကျန်းမာရေးကို ပုံဖော်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျန်းမာရေးဆိုင်ရာ ရောဂါ တစ်ခုခု ခံစားနေရတဲ့ အခါ၊ အာဟာရချို့တဲ့တဲ့ အခါ၊ စိတ်ဖိစီးမှု များပြားတဲ့ အခါ လက်သည်းတွေက အရောင် ပြောင်းနိုင်လို့ပါပဲ။ ဒါ့ကြောင့် သင့်ရဲ့ လက်သည်းမှာ ပြောင်းလဲမှုတွေ ဖြစ်လာပြီဆိုရင် ဆရာဝန်နဲ့ တိုင်ပင်နိုင်တာက အကောင်းဆုံးပါပဲ။ လက်သည်းကျန်းမာရေးအတွက်လုပ်ဆောင်သင့်တဲ့ အရာတွေကတော့-

  •     လက်သည်းတို့တွေကို ပုံမှန်ညှပ်ပေးပြီး တိုအောင်ထားပါ။
  •     လက်သည်းရှည်ထားမယ်ဆိုရင်လည်း လက်ထိပ်ကနေ ရှည်ထွက်နေတဲ့ လက်သည်းတွေအောက်ကို အမြဲတမ်း ရေနဲ့ပဲ
  •     ဖြစ်ဖြစ် ဆပ်ပြာနဲ့ ပဲ ဖြစ်ဖြစ် သန့်ရှင်းပေးပါ။ လက်သည်းတိုက်တဲ့ ဘရပ်စ်များကိုလည်း အသုံးပြုနိုင်ပါတယ်။
  •     လက်သည်း အလှပြင်ပစ္စည်းတွေကို ပိုးသတ်ထားပါ။ ( သင်အလှပြင်ဆိုင်တွေသွားရင်လည်း ပိုးသတ်ထားမှ အသုံးပြုပါ)
  •     လက်သည်းကိုက်တာမျိုး၊ ဝါးတာမျိုး မလုပ်ပါနဲ့။
  •     လက်သည်းထိပ်တွေပဲ့နေပြီဆိုရင်လည်း ကိုက်ပြီး ဆွဲထုတ်တာမျိုး မလုပ်ဘဲ ပိုးသတ်ထားတဲ့ လက်သည်းညှပ်တွေကိုအသုံးပြုပြီး ဖယ်ရှားပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly