ရာထူးတစ်ဆင့်လျှော့အရေးယူခံရသည့် တိုင်းစည်ပင်ညွှန်မှူးဟောင်းက နိုင်ငံတော်သမ္မတရုံးသို့ စိစစ်ပေးရန် စာတင်

ရာထူးတစ်ဆင့်လျှော့အရေးယူခံရသည့် တိုင်းစည်ပင်ညွှန်မှူးဟောင်းက နိုင်ငံတော်သမ္မတရုံးသို့ စိစစ်ပေးရန် စာတင်

ပုသိမ်၊ မေလ ၂၃ ။           ။ နိုင်ငံတော်သမ္မတရုံးသို့ တိုင်းအစိုးရအဖွဲ့ ဆုံးဖြတ်ချက်အား ပြန်လည်စိစစ်ပေးရန် ရာထူးတစ်ဆင့်လျော့ အရေးယူခံရသူ တိုင်းစည်ပင်ညွန်မှူးဟောင်းက တင်ပြခဲ့ကြောင်း တိုင်းစည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောသည်။

"ဒီပြစ်ဒဏ်ပေးတာ တရားမျှတမှုမရှိဘူး။ ပြန်လည်စဉ်းစားပြီး ပြင်ဆင်ပေးပါလို့ သမ္မတရုံးကို တင်ပြတဲ့အပေါ်မှာ ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရက စနစ်တကျ စစ်ဆေးပြီးတော့မှ အစိုးရအဖွဲ့အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ တဲ့ကိစ္စဖြစ်တဲ့အတွက် ကျွန်တော်တို့က လုပ်ထုံးလုပ်နည်းနဲ့ညီညွတ်ပါတယ်လို့ နိုင်ငံတော်သမ္မတရုံးကို ပြန်လည်ရှင်းပြရမဲ့အနေအထားရှိပါတယ်။ ဝန်ထမ်းများကိုပြောင်းရွှေ့နေရာချထားခြင်းများ လုပ်ထုံးလုပ်နည်းကို လိုက်နာဆောင်ရွက်ခြင်းမရှိတဲ့အပေါ်မှာ ပြစ်မှုနဲ့လျော်ညီတဲ့ပြစ်ဒဏ်၊ ဆုံးဖြတ်တဲ့အခါမှာလည်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှာ တိုင်းဒေသကြီးဥပဒေချုပ် ပါပါတယ်။ ကက်ဘိနက်မန်ဘာတွေရော ကျေလည်ညှိနှိုင်းဆွေးနွေးပြီး တော့မှ ပြစ်ဒဏ်ခုနှစ်မျိုးထဲမှာ ဒီပြစ်ဒဏ်ကိုချသင့်တယ်ဆိုပြီး တညီတညွတ်တည်း ရွေးချယ်ဆုံးဖြတ်ထားတာ ဖြစ်တယ်” ဟု တိုင်းစည်ပင်သာယာရေးဝန်ကြီးက ပြောသည်။

ဧပြီလ ၁၈ ရက်နေ့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ဧရာဝတီတိုင်း ဒေသကြီး စည်ပင်သာယာရေး ညွှန်ကြားရေးမှူး ဦးအောင်မင်းနိုင်အား ရာထူးတဆင့်နိမ့်ချပြီး ဖျာပုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ ဒုညွှန်ကြားရေးမှူးအဖြစ် ပြောင်းရွေ့ခဲ့ခြင်းဖြစ်သည်။

ရာထူးတဆင့်ချခံရသော ဦးအောင်မင်းနိုင်သည် လုပ်ပိုင်ခွင့်မရှိဘဲ ၀န်ထမ်းများအား နေရာပြောင်းရွှေ့ခြင်းနှင့် လုပ်ငန်းတင်ဒါခေါ်ယူရာတွင် လက်အောက် ၀န်ထမ်းများဖြင့်သာ ကော်မတီဖွဲ့ခြင်းများဖြင့် ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းနှင့် တင်ဒါစည်းမျဉ်းကို ချိုးဖောက်ခဲ့သည်ဟု စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

တိုင်းစည်ပင်သာယာရေးအဖွဲ့မှ ရာထူးတဆင့်လျော့အရေးယူခံရသည် ဦးအောင်မင်းနိုင်က ပြစ်ဒဏ်ကို ပြန်လည်စိစစ်ပေးရန် နိုင်ငံတော်သမ္မတရုံးသို့ စာဖြင့်တင်ပြခဲ့ခြင်း ဖြစ်သည်။

ဒုတိယညွန်ကြားရေးမှူအဖြစ် ရာထူးချထားခံရသူ ဦးအောင်မင်းနိုင်က ဧပြီလ နောာက်ဆုံးပတ်က ဧရာဝတီတိုင်းဒေသကြီးအစိုးရထံ မူလရာထူးဖြစ်သည့် ညွန်ကြားရေးမှူးရာထူးဖြင့် ပင်စင်တင်ထားခဲ့ပြီး တိုင်းအစိုးရက လျှောက်ထားမှုအား လက်မခံခဲ့ကြောင်း သိရဖြစ်သည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly