ရခိုင်ပြည်နယ်လွှတ်တော်မှ စွပ်စွဲအပြစ်တင်ထားသော စီးပွားရေးဝန်ကြီးအား စစ်ဆေးနေဆဲသာဖြစ်

ရခိုင်ပြည်နယ်လွှတ်တော်မှ စွပ်စွဲအပြစ်တင်ထားသော စီးပွားရေးဝန်ကြီးအား စစ်ဆေးနေဆဲသာဖြစ်
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း (ဓာတ်ပုံ RiA)

ရန်ကုန် ၊ မေ ၂၃ ။        ။ ရခိုင်ပြည်နယ်လွှတ်တော်ကနေ စွပ်စွဲပြစ်တင်ထားသည့် စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးကျော်အေးသိန်းအား စစ်ဆေးနေဆဲ အခြေအနေသာ ရှိနေသည်ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ပါဝင်သည့် ဦးဦးသန်းနိုင်က မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဦးဦးသန်းနိုင်က စစ်ဆေးနေသည့်အခြေအနေနှင့် ပတ်သက်ပြီး “စစ်တာတော့ စစ်နေပါတယ်။ ဘာတွေတွေ့ရှိရလဲဆိုတာတော့ ပြောဆိုခွင့်မရှိသေးပါဘူး” ဟု မဇ္စျိမကို ပြောသည်။

ရခိုင်ပြည်နယ် ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းသည် ဥပဒေအရ ပေးအပ်သည့် တာဝန်များ ကို ထမ်းဆောင်နိုင်ခြင်း မရှိသည့်အပြင် နှစ်အလိုက် ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း များနှင့်အညီ မဆောင်ရွက်နိုင်ခြင်းကြောင့် ပြည်နယ်ဖွံ့ဖြိုးရေး လုပ်ငန်းများ နစ်နာရသည် ဆိုသည့် စွပ်စွဲချက်ဖြင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၂ ဦးက လက်မှတ်ရေးထိုးပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြခဲ့ခြင်း ဖြစ်သည်။

ယင်းအတွက်ကြောင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၅ ဦး ပါဝင်သည့် အဖွဲ့တစ်ဖွဲ့အား ဧပြီလ ၉ ရက်နေ့က ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေခဲ့ခြင်း ဖြစ်သည်။

စစ်ဆေးရရှိသည့် အချက်များကို မေလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြရမည်ဖြစ်သည်။

ယင်းသို့တင်ပြပြီးနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ သုံးပုံနှစ်ပုံမှ တာဝန် ဆက်လက် ထမ်းဆောင်ရန် မသင့်ဟု ဆုံးဖြတ်ပါက လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတထံ အစီရင်ခံရမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတမှ ဝန်ကြီးအား ရာထူးမှ ရပ်စဲရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းပိုင်းကလည်း ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးအား တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ခြင်း မရှိဟု ရခိုင်ပြည်နယ်လွှတ်တော်မှ စွပ်စွဲပြစ်တင်ခဲ့သောကြောင့် စည်ပင်သာယာရေး ၀န်ကြီးအား နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးပြီး တာဝန်မှ ရပ်စဲခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly