ဘူးသီးတောင်နှင့် မောင်တော ၂ မြို့နယ်ပေါင်း အမတ်လောင်း ၁၉ ဦး အပယ်ခံရ

ဘူးသီးတောင်နှင့် မောင်တော ၂ မြို့နယ်ပေါင်း အမတ်လောင်း ၁၉ ဦး အပယ်ခံရ

ရန်ကုန်၊ သြဂုတ် ၃၀ ။          ။ ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောမှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ၂ မြို့နယ်ပေါင်း အမတ်လောင်း ၁၉ ဦးကို ရွေးကောက်ပွဲ ဥပဒေပါနိုင်ငံသား မိဘနှစ်ပါး မှမွေးဖွား သူမဟုတ်သည့် အချက်ဖြင့် ပယ်ချခဲ့ရကြောင်း မောင်တောခရိုင် ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကျော်ညွှန့် က မဇ္ဈိမကို ပြောသည်။

"၂ မြို့နယ်လုံး ၁၉ ယောက်၊ နာမည်အတိအကျကိုတော့ ရုံးမှာပဲ သိရမယ်။ နိုင်ငံသားမိဘနှစ် ပါးက မွေးဖွားသူ မဟုတ်သူဆိုတဲ့ ကန့်ကွက်မှုအရပဲ၊ စိစစ်ပြီး ဥပဒေအရပယ်တာ" ဟု ၎င်းက ဆိုသည်။

မောင်တောနှင့် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ၂၄ ဦး၊ ယင်းမြို့နယ် နှစ်ခု အကျုံးဝင်သည့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၇၊ ၈ နှင့် ၉ အတွက် ၁၇ ဦးနှင့်ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် ၁ နှင့် ၂ အတွက် ၂၄ ဦး စုစုပေါင်းအမတ်လောင်း ၅၅ ဦးထိ ဝင်ရောက်ယှဉ်ပြိုင် ကြခြင်းဖြစ်သည်။

နှစ်မြို့နယ်ပေါင်း အမတ် ၅၅ ဦးအနက်မှ ၁၉ ဦးကို သက်ဆိုင်ရာရွေးကောက်ပွဲ ဥပဒေပုဒ်မ ၂၇(ဂ) ပါ နိုင်ငံသားမိဘနှစ်ပါးမှ မွေးသူမဟုတ်ခြင်းဟူသည့် အချက်ဖြင့် ပယ်ချခြင်း ဖြစ်သည်။

ပယ်ချခံခဲ့ရသည့်  အမတ်ပေါင်း ၁၉ ဦးသည် ဘူးသီးတောင် ပြည်သူ့လွှတ်တော်အမတ် ဦးရွှေမောင် အပါအဝင် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီတို့မှ ဖြစ်သည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီမှ အမတ်လောင်းများ အများဆုံး ပါဝင်သည်။ ပယ်ချခံရ သည့် ၁၉ ဦးမှာ ဘူးသီးတောင်မှ ၈ ဦးနှင့်၊ မောင်တောမှ ၁၁ ဦး ပါဝင်သည်။ မောင်တောမှ ၁၁ ဦးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုယ်စားပြု မောင်တော အမှတ်၂ မဲဆန္ဒနယ် အမတ်လောင်းတစ်ဦး လည်း ပါဝင်သည်။

ဘူးသီးတောင်မှ ၁၀ ဦးမှာ ၂၂ ရက်က ပယ်ချခံရသည့် ဦးရွှေမောင်နှင့် ဒေါ်ခင်ခင်လွင်အပြင် ဦးကျော်မင်း၊ အဘူသာဟဲ (ပြည်သူ့လွှတ်တော်-ဘူးသီးတောင်)၊ ဦးစိုးဝင်း၊ ဒေါ်တင်တင်မြ(ပြည်နယ် အမှတ်၂)၊ ဦးစိုးဦး (ပြည်နယ် အမှတ်၁)နှင့် ဘူးသီးတောင်မြို့နယ်ပါဝင်သည့် အမှတ် ၉ အမျိုးသား လွှတ်တော် မဲဆန္ဒနယ်မှ ဦးထွန်းမင်း တို့ဖြစ်သည်ဟု ရခိုင်အမျိုးသား ပါတီကိုယ်စားပြု ဘူးသီးတောင် မြို့နယ်မှ ဝင်ရောက်မည့် အမတ်လောင်း ဦးအောင်သောင်းရွှေက မဇ္ဈိမကို ပြောသည်။

" မနေ့က ညနေက သိရတယ်။ ဦးရွှေမောင်၊ ဒေါ်ခင်ခင်လွင်တို့အပြင် ထပ်ပြီးကန့်ကွက်ထားတဲ့ ၆ ယောက်ကိုလည်း ရှေ့ကနှစ်ယောက်လိုပဲ အမတ်လောင်းအဖြစ်က ပယ်ချတယ်ဆိုပြီး မနေ့က ညနေက အသိပေးတယ်" ဟု ၎င်းက ဆိုသည်။

ဘူးသီးတောင်မြို့နယ်မှ ထပ်မံပယ်ချခံခဲ့ရသည့် အမတ်လောင်းများကို မောင်တောခရိုင် ကော်မရှင်က ၂၅၊ ၂၆ နှင့် ၂၇ ရက်တို့တွင် စိစစ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းနေ့များတွင်ပင် ကန့်ကွက်သူများက စာရေးသားကာ သွားရောက်ကန့်ကွက် တင်ပြကြခြင်းဟု ဦးအောင်သောင်းရွှေ က ပြောသည်။

မောင်တောမဲဆန္ဒနယ်မှ ပယ်ချခံထားရသည့် ၁၁ ဦးအမည်ကိုမူ ခရိုင်ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကျော်ညွှန့် က မပြောကြားနိုင်သေးကြောင်း သြဂုတ် ၃၀ ရက်တွင် မဇ္ဈိမကို ပြောသည်။

" သက်ဆိုင်ရာ နေရာအသီးသီးက အမတ်လောင်းတွေက ကန့်ကွက်ထားတာ အားလုံးပေါင်း ၁၁ ယောက်၊ ကျွန်တော်တို့ဆီကိုတော့ အသိပေးတာ မရှိသေးဘူး။ နက်ဖြန်လောက်မှ သိရမယ်ထင် တယ်" ဟု ရခိုင်အမျိုးသား ပါတီကိုယ်စားပြု  မောင်တောမြို့နယ် အမှတ် ၁ မှ ဝင်ရောက်မည့် အမတ်လောင်း ဦးခင်မောင်သန်း က မဇ္ဈိမကို ပြောသည်။

ပယ်ချခံရသည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီမှ ဥက္ကဋ္ဌ ဦးကျော်မင်းနှင့် ဒုဥက္ကဋ္ဌ ဦးခင်ဇော် တို့ကို မဇ္ဈိမက တယ်လီဖုန်းဖြင့် မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။ နိုဝင်ဘာလ ၈ ရက်တွင်၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်ပြီး ပါတီပေါင်း ၉၀ မှ ရွေးကောက်ခံမည့် အမတ်လောင်းပေါင်း ၆,၀၀၀ကျော်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ အမည်စာရင်းများ တင်သွင်း ထားကြခြင်း ဖြစ်သည်။

တင်သွင်းထားသည့် အမည်စာရင်းများကို သက်ဆိုင်ရာ ခရိုင်ကော်မရှင်များက သြဂုတ်လ ၁၈ ရက်မှ ၃၁ ရက်ထိ အမတ်လောင်း စိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly