ကလေးအချုပ်ခန်းသီးသန့် ထားပေးရန် ပြည်ထဲရေးကို လူ့အခွင့်အရေးကော်မရှင်တိုက်တွန်း

ကလေးအချုပ်ခန်းသီးသန့် ထားပေးရန် ပြည်ထဲရေးကို လူ့အခွင့်အရေးကော်မရှင်တိုက်တွန်း

ရန်ကုန်၊ မေ ၂၃ ။                ။ မြန်မာနိုင်ငံထဲရှိ သက်ဆိုင်ရာနယ်မြေရဲစခန်းရှိ အချုပ်ခန်းများတွင် ကလေးနှင့် လူကြီး ရောနှောမထား ရန်နှင့် ကလေး အချုပ်ခန်းသီးသန့်ထားပေးရန်အတွက်   ပြည်ထဲရေးဝန်ကြီးဌာနကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ တိုက်တွန်းလိုက်သည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဧပြီလအတွင်း ငှက်အော်စမ်း လူငယ်သင်တန်း ကျောင်း၊ သန်လျင်လူငယ်သင်တန်းကျောင်းနှင့် အမျိုးသမီးသက်မွေးပညာသင်ကျောင်း (နတ်မောက် လမ်းသွယ်) တို့ရှိ အမှုစစ်ဆေးဆဲကလေး ၁၀၅ ဦးနှင့်တွေ့ဆုံမေးမြန်းအပြီး တိုက်တွန်းလိုက်ခြင်းလည်းဖြစ်သည်။

“ ရောထားတာတော့ကြာပါပြီ၊ ရဲစခန်းတွေက သီးသန့်အချုပ်ခန်းမရှိတော့ ရောထားတာပေါ့။ အဲ့တော့ လူမှုဝန်ထမ်းဝန်ကြီးဌာနကလည်း တိုက်တွန်းတာတွေရှိပါတယ်။ ဒါပေမယ့် ခုချိန်ထိ တိုးတက်မလာဘူး ပေါ့ဗျာ။ အဲ့တာကြောင့် ထောက်ပြတယ်။ ပြီးရင် ပြည်ထဲရေးဝန်ကြီးဌာနကို ကလေးတွေအတွက် သီးသန့်အချုပ်ခန်းလေး  ခပ်သေးသေးပေါ့ဗျာ။   ဆောင်ရွက်သင့်ပါတယ်လို့တိုက်တွန်းတာပေါ့။ ကလေးတွေကို အနိုင်ကျင့်တာ ညင်းပမ်းနှိပ် စက်တာ ဖြစ်မှာစိုးလို့ပါ” ဟု ဦးဆောင်စစ်ဆေးခဲ့သူ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုဥက္ကဋ္ဌ ဦးစစ်မြိုင်က ပြောသည်။

ကလေးသူငယ်ဥပဒေ (၁၉၉၃) ခုနှစ် ၊ ပုဒ်မ ၃၇ နှင့် နည်းဥပဒေ ပုဒ်မ ၅၂ တွင် ရဲအရာရှိသည် ပြစ်မှု ကျူးလွန်ကြောင်း စွပ်စွဲခံရသော ကလေးသူငယ်ကို ဖမ်းဆီးရာတွင် လူကြီးအကျဉ်းသားများဖြင့် ရောနှောချုပ်နှောင်ခြင်းမပြုရန် ဖော်ပြထားသည်။

သို့သော်  ကော်မရှင်မှမေးမြန်းခဲ့သည့် ကလေး ၁၀၅ ဦးထဲမှ ၉၂ ဦးက လူကြီးအကျဉ်းသားများဖြင့် ရောနှောချုပ်နှောင်ခြင်းခံရကြောင်းကို လည်းကောင်း၊ ကလေး ၁၉ ဦးက လက်ဖြင့်ရိုက်နှက်ခြင်း၊ ခြေဖြင့် ကန်ကျောက်ခြင်းများရှိကြောင်း ဖြေကြားခဲ့သည်ဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် အသက် ၁၆ နှစ်အောက်ကို ကလေးအဖြစ်သတ်မှတ်ထားပြီး အမှုရင်ဆိုင်နေရသည့် ကလေးများအတွက် အခြေခံလူ့အခွင့်အရေးများ အပြည့်အဝ ရရှိရန် ဆောင်ရွက်ပေးရန်လည်း ကော်မရှင်မှ တိုက်တွန်းထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly