ကျောင်းဆရာများနှင့် အုပ်ချုပ်ရေးမှူးအဖွဲ့တို့ ခိုက်ရန်ဖြစ်ပွားမှုကို ပုဒ် ၃ ခုဖြင့် အမှုဖွင့်ထား

ကျောင်းဆရာများနှင့် အုပ်ချုပ်ရေးမှူးအဖွဲ့တို့ ခိုက်ရန်ဖြစ်ပွားမှုကို ပုဒ် ၃ ခုဖြင့် အမှုဖွင့်ထား
ဓာတ်ပုံ - Myanmar Teachers' Federation

မန္တလေး၊ မေလ ၂၃ ။           ။ ကျောင်းဆရာများနှင့် အုပ်ချုပ်ရေးမှူးအဖွဲ့တို့ ဖြစ်ပွားခဲ့သည့် ခိုက်ရန်ဖြစ်ပွားမှုကို ကျောင်းဆရာတစ်ဦးက တရားလို ပြုလုပ်ကာ အုပ်စုအုပ်ချုပ်ရေးအဖွဲ့ဝင် လေးဦးကို ပုဒ်မ ၃ခုဖြင့် အမှုဖွင့် ထားသည်ဟု ဇရပ်ကွင်း ကျေးရွာ ရဲကင်းစခန်းမှူး ရဲအုပ်မျိုးမင်းလွင်က ပြောသည်။

"ကျောင်းဆရာတွေထဲက ဦးစောထွန်းဦးက တရားလိုလုပ်ပြီးတော့ ဇရပ်ကွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးပါ လေးယောက်ကို အမှုဖွင့်လိုက်တာပါ"ဟု ရဲအုပ်မျိုးမင်းလွင်က ပြောသည်။

ပြီးခဲ့သည့် မေလ ၂၀ ရက်၊ညပိုင်းက မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းကျေးရွာတွင် G-2 သင်ရိုးသစ်၊ ကျောင်းအုပ်စုအဆင့် ဘာသာရပ်ဆွေးနွေးပွဲသို့ လာတက်သည့် ကျောင်းဆရာအချို့က ကျောင်းဆရာမများ၏ အဆောင်အနီးတွင် ဂစ်တာတီး သီချင်းဆိုနေသည်ကို အုပ်ချုပ်ရေးအဖွဲ့က တားမြစ်ရာမှ ပြဿနာတက်ခဲ့ခြင်း ဖြစ်ပြီး ကျောင်းဆရာများကို အုပ်ချုပ်ရေးအဖွဲ့က သံတုတ်များဖြင့် ရိုက်နှက်ခြင်း၊ ဆဲဆို ကြိမ်းမောင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း အမှုဖွင့်ခြင်းဖြစ်ကြောင်း သိရသည်။

နာကျင်စေမှုရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၃၊ ဆဲဆိုမှုပုဒ်မ ၂၉၄ နှင့် ခြိမ်းခြောက်ပြောဆိုမှုပုဒ်မ ၅၀၆ တို့ဖြင့် အုပ်စုအုပ်ချုပ်ရေးမှူးဖြစ်သည့် ဦးစောချစ်ညွှန့်၊ ရာအိမ်မှူး ဦးဝေယံဖြိုးလွင်၊ ဆယ်ဦးမှူးများဖြစ်သည့် ဦးသန်းလွင်နှင့် ဦးစိုးသန်းဦးတို့ကို အမှုဖွင့်ထားခြင်းဖြစ်သည်။

အမှုဖွင့်ခံထားရသည့် အုပ်ချုပ်ရေးမှူး ဦးစောချစ်ညွှန့်က" သူတို့ဘက်က ခိုင်လုံလို့ အမှုဖွင့်တာပဲ။ ကျွန်တော်တို့ ဘက်ကတော့ ရင်ဆိုင်ဖို့အသင့်ပါပဲ။ ကျွန်တော်တို့ မှန်တာကိုပဲ လုပ်ခဲ့တာပါ။"ဟု ပြောသည်။

ထိုသို့ပြုလုပ်ခဲ့သည့် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို ထိရောက်စွာအရေးယူပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က မေလ ၂၂ ရက်က တောင်းဆိုထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly