Avicii အတွက် သီးသန့်စျာပနအခမ်းအနား ပြုလုပ်မည်ဟု ကျန်ရစ်သူမိသားစုကြေညာ

Avicii အတွက် သီးသန့်စျာပနအခမ်းအနား ပြုလုပ်မည်ဟု ကျန်ရစ်သူမိသားစုကြေညာ

ပြီးခဲ့သောလက အိုမန်နိုင်ငံ၌ ကွယ်လွန်သွားခဲ့သော နာမည်ကျော် ဆွီဒင်ဒီဂျေပညာရှင် Avicii  အတွက် သီးသန့်စျာပနအခမ်းအနားကို ပြုလုပ်သွားရန်ရှိကြောင်း ကျန်ရစ်သူမိသားစုက အင်္ဂါနေ့၌ ကြေညာခဲ့သည်။

အမည်ရင်း တင်မ်ဘာဂလင်ဟုခေါ်သော Avicii သည် EDM ဂီတအမျိုးအစားထဲ၌ နာမည်အကျော်ကြားဆုံး အနုပညာကြယ်ပွင့်များထဲမှတစ်ဦးဖြစ်သည်။

“ဘာဂလင်မိသားစုဟာ သီးသန့်စျာပနအခမ်းအနားပြုလုပ်ဖို့ အတည်ပြုခဲ့ပါတယ်။ ဒီစျာပနကို တင်မ်ရဲ့ အရင်းနှီးဆုံးမိတ်ဆွေတွေပဲ တက်ရောက်လာမှာဖြစ်ပါတယ်” ဟု ဆွီဒင်ပြန်ကြားရေးတာဝန်ခံ အက်ဘာလင်ဗစ် က ကြေညာခဲ့သည်။

Avicii သေဆုံးရသည့်အဓိကအကြောင်းရင်းကို တရားဝင်ထုတ်ပြန်ခြင်းမရှိသော်လည်း ပြီးခဲ့သောလက ဘာဂလင်မိသားစု၏ ထုတ်ပြန်ချက်အရ Avicii သည် မိမိကိုယ်မိမိ အဆုံးစီရင်သွားခဲ့ခြင်းဖြစ်သည်ဟု ယူဆရ သည်။ ဘာဂလင်မိသားစုက Avicii သည် အသက်ဆက်ရှင်သန်နိုင်စွမ်းမရှိတော့အောင် စိတ်ဓာတ်ကျဆင်း သွားခဲ့ကြောင်း ပြောကြားခဲ့သည်။

Wake Me Up နှင့် Hey Brother တို့ကဲ့သို့ ကမ္ဘာတစ်ဝန်းကျော်ကြားသည့် သီချင်းများကိုတီးခတ်ခဲ့သော Avicii သည် ကျန်းမာရေးအခြေအနေကြောင့် ကမ္ဘာလှည့်ဖျော်ဖြေပွဲများကို ရပ်နားတော့မည်ဖြစ်ကြောင်း ပြီးခဲ့သော ၂၀၁၆ ခုနှစ်တုန်းက ကြေညာခဲ့ဖူးသည်။

သူကွယ်လွန်မှုအတွက် ကမ္ဘာတစ်ဝန်းမှ သူ၏ပရိသတ်များ ထိတ်လန့်တုန်လှုပ်ခဲ့ရပြီး အထူးသဖြင့် ဥရောပမှ ပရိသတ်များအနေဖြင့် အထူးကြေကွဲဝမ်းနည်းခဲ့ရကြောင်း သိရသည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly