ကိုယ်ရေးအချက်အလက်အရှုပ်တော်ပုံကိစ္စ ဥရောပပါလီမန်အမတ်များအား ဇူကာဘတ်ဂ် တောင်းပန်စကားဆို

ကိုယ်ရေးအချက်အလက်အရှုပ်တော်ပုံကိစ္စ ဥရောပပါလီမန်အမတ်များအား ဇူကာဘတ်ဂ် တောင်းပန်စကားဆို

မေ ၂၃ ။       ။ နာမည်ကျော် လူမှုကွန်ရက်ကုမ္ပဏီဖေ့ဘွတ်ခ် အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက်များ ပေါက်ကြားခဲ့ရမှု အရှုပ်တော်ပုံကိစ္စနှင့်စပ်လျင်း၍ ဖေ့ဘွတ်ခ်ကုမ္ပဏီ စီအီးအို မက်ခ်ဇူကာဘတ်ဂ်က ဘရက်ဆဲလ်မြို့ ဥရောပပါလီမန်အမတ်များ ရှေ့မှောက်သို့ လာရောက်စစ်ဆေးခံသွားခဲ့သည်။

ပေါ်ပေါက်ထားခဲ့သည့် အရှုပ်တော်ပုံ ကိစ္စရပ်နှင့်ပတ်သက်၍ တောင်းပန်ပါကြောင်း ဇူကာဘတ်ဂ်က မေလ ၂၂ ရက် အဆိုပါ အီးယူပါလီမန် ကြားနာစစ်ဆေးစဉ်အတွင်း ပြောသွားခဲ့သည်။

ဆက်လက်၍လည်း ၎င်း၏ ကုမ္ပဏီအနေဖြင့် ယင်းကဲ့သို့ ဖေ့ဘွတ်ခ် အသုံးပြုသူတို့၏ ကိုယ်ရေးဒေတာ အချက် အလက်များ ပေါက်ကြားစေခဲ့မှု ဖြစ်စဉ်မျိုး နောက်တစ်ကြိမ် ထပ်ဖြစ်မလာအောင် ဂရုတစိုက် လုပ်ဆောင်နေပြီ ဖြစ်ကြောင်းလည်း ဇူကာဘတ်ဂ်က  ကတိပြုသွားသည်။

ဖေ့ဘွတ်ခ်အနေဖြင့် ပြီးခဲ့သည့် ကာလအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ မဲဆွယ်အဖွဲ့နှင့် အချိတ်အဆက်ရှိခဲ့သည့် ဒေတာကုမ္ပဏီ Cambridge Analytica ထံသို့ ဖေ့ဘွတ်ခ်အသုံးပြုသူ ၈၇ သန်း၏ အချက်အလက်များ ရယူအသုံးပြုခွင့်ပေးသလို ဖြစ်စေခဲ့မှု အရှုပ်တော်ပုံနှင့် အသည်းအသန် ရင်ဆိုင်ထားခဲ့ရ သည်။

 အဆိုပါ ဒေတာကိစ္စနှင့်ပတ်သက်၍ ဇူကာဘတ်ဂ်အနေဖြင့် ပြီးခဲ့သည့် ဧပြီလက အမေရိကန်ကွန်ဂရက်တွင် လည်း သွားရောက်စစ်ဆေးကြားနာမှု ခံယူခဲ့ရပြီး ယခုတစ်ကြိမ် ဘရက်ဆဲလ်မြို့ ဥရောပပါလီမန်တွင် ထပ်မံ ကြားနာမှု ခံယူခဲ့ရခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သည့် နှစ်နှစ်တာအတွင်း ဖေ့ဘွတ်ခ်အနေဖြင့် အသုံးပြုသူများ ထိခိုက်နစ်နာမှုများ ဖြစ်မလာစေနိုင်အောင် ကာကွယ်အားထုတ်မှုပိုင်းတွင် လိုအပ်ချက်များ ရှိခဲ့ကြောင်း ၎င်းက ၀န်ခံပြောကြားသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly