ဗင်နီဇွဲလားရှိ ၄င်းတို့၏သံတမန်များ အထုတ်ခံရမှုအတွက် လက်တုံ့ပြန်မည်ဟု အမေရိကန်ခြိမ်းခြောက်

ဗင်နီဇွဲလားရှိ ၄င်းတို့၏သံတမန်များ အထုတ်ခံရမှုအတွက် လက်တုံ့ပြန်မည်ဟု အမေရိကန်ခြိမ်းခြောက်

၀ါရှင်တန်၊ အမေရိကန်၊ မေ ၂၃ ။                               ။ ဗင်နီဇွဲလားသမ္မတမာဒူယိုက ကာရာကတ်စ်မြို့မှ အမေရိကန်ထိပ်သီးသံတမန်နှစ်ဦးကို နိုင်ငံအတွင်းမှ နှင်ထုတ်ခဲ့ပြီးနောက်တွင် အမေရိကန်ပြည်ထောင်စုအနေဖြင့် ယင်းလုပ်ရပ်ကို လက်တုံ့ပြန်သွားမည်ဟု အမေရိကန်တာဝန်ရှိသူများက အင်္ဂါနေ့က ခြိမ်းခြောက်ပြောဆိုခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ၀ါရှင်အစိုးရအနေဖြင့် သံတမန်အဆက်အသွယ် များမှတဆင့် ဗင်နီဇွဲလားအစိုးရ၏ အသိပေးချက်ကို လက်ခံရရှိခြင်းမရှိသေးကြောင်းနှင့် အကယ်၍ သံတမန် များကို နှင်ထုတ်ခြင်းအား ဆက်လက်လုပ်ဆောင်သွားပါက အမေရိကန်ပြည်ထောင်စုအနေဖြင့် သင့်တော်သလို လက်တုံ့ပြန်သွားမည်ဟု ပြောဆိုခဲ့သည်။

ဗင်နီဇွဲလားသမ္မတမာဒူယိုသည် အမေရိကန်သံအရာရှိ တော့ဒ်ရော်ဘင်ဆန်နှင့် မစ်ရှင်အကြီးအကဲဖြစ်သူ ဘရိုယန်နာရန်ဂျိုတို့အား သံအဖွဲ့ဝင်အဖြစ် ဆက်လက်ထားရှိရန် အစိုးရကမလိုလားသူအဖြစ် သတ်မှတ်ခဲ့ပြီး နိုင်ငံအတွင်းမှ ၄၈ နာရီအတွင်း ထွက်ခွာသွားဖို့ အမိန့်ပေးခဲ့သည်။

ဒါ့အပြင် အမေရိကန်တို့ဘက်မှ ပြဌာန်းခဲ့သော စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများကိုလည်း ငြင်းဆန်ပယ်ချ ကြောင်း ရုပ်သံမှထုတ်လွှင့်သော မိန့်ခွန်းထဲ၌ ထည့်သွင်းပြောဆိုခဲ့သည်။

မာဒူယိုသည် ပြီးခဲ့သောတနင်္ဂနွေနေ့ကကျင်းပခဲ့သော အမေရိကန်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း၏ ဝေဖန်မှုနှင့်ရင်ဆိုင်ခဲ့ရသည့် အထွေထွေရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့ပြီးနောက်တွင် ယခုလိုကြေညာချက်မျိုးကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံအတွင်းမှထွက်ခွာဖို့ အမိန့်ပေးခံခဲ့ရသည့် အမေရိကန်သံအမတ်များသည် နိုင်ငံရေး၊ စစ်ရေးနှင့် စီးပွားရေး အရ လျှို့ဝှက်ပူးပေါင်းကြံစည်မှုများရှိခဲ့သည်ကို သက်သေပြနိုင်သည်ဟုလည်း မာဒူယိုက ပြောဆိုခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာဏာပိုင်များကမူ ၄င်းတို့အနေဖြင့် မာဒူယို၏ မှားယွင်းသော စွပ်စွဲချက် များအားလုံးကို အလုံးစုံငြင်းဆန်ပယ်ချသည်ဟု ပြန်လည်တုံ့ပြန်ခဲ့ကြသည်။

၀ါရှင်တန်အစိုးရနှင့် ဗင်နီဇွဲလားအစိုးရတို့ကြားတွင် လွန်ခဲ့သော ၂၀၁၀ခုနှစ်ကတည်းကစတင်ပြီး သံအမတ်များ ဖလှယ်ခြင်းမရှိတော့သလို နှစ်နိုင်ငံကြားရှိဆက်ဆံရေးများသည် ကွယ်လွန်သူလက်ဝဲသမ္မတဟောင်း ဟူဂိုချာဗက်ဇ်အုပ်ချုပ်စဉ်ကာလကတည်းက ယခုအချိန်ထိ တင်းမာမှုများ ရှိလာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags