ဧရာဝတီတိုင်းလွှတ်တော်ကိုယ်စားလှယ် ၂ ဦးအား အဂတိတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခံရ

ဧရာဝတီတိုင်းလွှတ်တော်ကိုယ်စားလှယ် ၂ ဦးအား အဂတိတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခံရ

ပုသိမ်၊ မေလ ၂၂ ။         ။ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့်ပတ်သက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ကော်မရှင်က အကြောင်းကြား စာနှစ်စောင်ပို့ထားကြောင်းကို တိုင်းလွှတ်တော်ဥက္ကဋ္ဌက ၁၁ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဖွင့်တွင် ထည့်သွင်းပြောကြားခဲ့သည်။

"အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ကျွန်တော်တို့ လွှတ်တော်ကို အကြောင်းကြားစာ နှစ်စောင် ပေးပို့ရောက်ရှိ နေပါတယ်၊ ဒါနဲ့ပတ်သက်ပြီး တည်ငြိမ်အေးချမ်းစွာ ချောမွေ့စွာ ဆက်လက်ဆောင်ရွက်သွားနိုင်ရေး စီစဉ် ဆောင်ရွက်သွားပါမယ်၊ ပိုမိုပြီး သတိကြီးစွာထားဖို့ ပိုမိုပြီးမိမိလုပ်ငန်းဆောင်ရွက်ရာမှာ အဆင်ပြေချောမွေ့ဖို့ ဟန်ချက်ညီစွာ ဆောင်ရွက်သွားဖို့ လိုပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင် က ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ပြန်လည်ပေးပို့သည့် တိုင်ကြားစာနှစ်စောင်တွင် အိမ်မဲမြို့နယ်၊ အမှတ်(၂ ) တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင်က ကျေးရွာမီးလင်းရေးနှင့်ပတ်သက်ပြီး ငွေကြေးကောက်ခံ မှုကိစ္စနှင့်ပတ်သက်ပြီး လွှတ်တော်သို့ ပြန်လည်ပေးပို့သည့်စာတစ်စောင်ဖြစ်သည်။

ကျန်တစ်စောင်မှာ လွှတ်တော်ဖွံဖြိုးရေးရန်ပုံငွေကိစ္စနှင့်ပတ်သက်ကြောင်းသိရှိရပြီး လွှတ်တော်ကိုယ်စားလှယ် အမည် မထုတ်ပြန်သေးကြောင်း သိရသည်။

“နောက်တစ်ခုက နာမည်ကျွန်တော် ပြောလိုမဖြစ်သေးဘူး ကျွန်တော်တို ့တိုင်းလွှတ်တော်ကိုယ်စားလှယ် တစ်ဦးအပါအဝင် အမျိုးသားလွှတ်တော်ရော၊ ပြည်သူလွှတ်တော်တို့က ပုဂ္ဂိုလ်တွေပါ သိန်းတစ်ထောင် ရန်ပုံငွေ ပြည်သူအတွက် နှစ်တိုင်းပေးတာမှာ ရာခိုင်နှုန်းနည်းနည်းပါ ။ စီမံခန့်ခွဲတဲ့ အဖွဲ ့က ပေးထားတဲ့ငွေထဲက သိန်းဆယ်ဂဏန်းလောက် အလွဲသုံးစားလုပ်တယ်ဆိုပြီး သံသယဖြစ်ပြီး တိုင်တာ၊အဂတိတိုက်ဖျက်မှုနဲ့ မပတ်သက်ဘူးဆိုပြီးကျွန်တော်တို့က ပြန်စစ်ရမဲ့ အမှုသွားအမှုလာ တူပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က အဂတိတိုက်ဖျက်ရေးကော်မရှင်က ပြန်လည်ပေးပို့ထားသည့် တိုင်ကြားစာ နှစ်စောင်နှင့် ပတ်သက်ပြီး ပြောသည်။

အဂတိတိုက်ဖျက်ရေးကော်မရှင်က "တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးအောင်ကျော်မြိုင်သည် ၎င်း လုပ်ပိုင်ခွင့်ကို အသုံးပြု၍ ငွေကျပ်သိန်း(၁၀၀)အား မမှန်မကန် တောင်းခံရယူသော်လည်း ၎င်း ကိုယ်ကျိုး အတွက် သုံးစွဲခြင်းမရှိကြောင်း၊ လာဘ်ပေးလာဘ်ယူပြုလုပ်သည့် အထောက်အထား ခိုင်မာမှုမရှိသော်လည်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့်   ကျေးရွာမီးလင်းရေးကိစ္စများတွင် ငွေကြေးကိစ္စများ၌ ကျင့်ဝတ်နှင့် မညီဘဲ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခြင်း၊ စီမံခန့်ခွဲမှုကို လွဲမှားစွာဆောင်ရွက်ခြင်း၊ အများပြည်သူ အထင်အမြင် လွဲမှားစွာပြုမှုဆောင်ရွက်ခြင်းတို့ကြောင့် လိုအပ်သလိုအရေးယူဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးလွှတ်တော်သို့ အကြောင်းကြားသင့်ကြောင်း ကော်မရှင်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း ” သိရှိရသည်။

အိမ်မဲမြို့နယ်တိုင်းဒေသကြီး ကိုယ်စားလှယ်ဦးအောင်ကျော်မြိုင်နှင့် ပတ်သက်ပြီး "ပါတီက လွှတ်တော် ကိုယ်စားလှယ် တိုင်ကြားစာဌာနကို တင်ပြမယ်၊ လွှတ်တော်ကိုယ်စားလှယ်စိစစ်ဆေးကော်မတီ က အသေးစိတ် ခေါ်ယူစစ်ဆေးမယ်။ နှစ်လမ်းသွားပေါ့၊ လုပ်မှားကိုင်မှားဆိုတာရှိတယ်။ သူ့မဲဆန္ဒနယ်မှာ ထိခိုက်မှုရှိတာပေါ့၊ ပြည်သူများကြားမှာ သံသယရှိစရာလူအဖြစ် သတ်မှတ်တယ်ဆိုတော့”ဟု ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က မဇ္ဈိမသို့ပြောသည်။

အိမ်မဲမြို့နယ်ညောင်ကုန်းချောင်းဖျားကျေးရွာ မီးလင်းရေးအတွက် အိမ်မဲမြို့နယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ကျော်မြိုင်က တောင်းခံခဲ့ကြောင်း အရေးယူပေးရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားခံခဲ့ရခြင်း ဖြစ်သည်။

တခြား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သိုု ့တိုင်ကြားခံရမှုမှာ ပြည်ထောင်စုလွှတ်တော် ဖွံဖြိုးရေးရန်ပုံငွေကိစ္စ ကြောင့် တိုင်ကြားခံရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly