မလေးရှားအဂတိလိုက်စားမှုစုံစမ်းရေးအေဂျင်စီက ၀န်ကြီးချုပ်ဟောင်း နာဂျစ်အား ခေါ်ယူစစ်မေး

မလေးရှားအဂတိလိုက်စားမှုစုံစမ်းရေးအေဂျင်စီက ၀န်ကြီးချုပ်ဟောင်း နာဂျစ်အား ခေါ်ယူစစ်မေး

မေ ၂၂              ။ ဘဏ္ဍာရေးခြစားမှု ကိစ္စရပ်ကြီးတစ်ရပ်နှင့်ပတ်သက်၍ စုံစမ်းဖော်ထုတ်ရန် မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇက်ခ် အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးအေဂျင်စီက ခေါ်ယူစစ်ဆေးနေပြီ ဖြစ်သည်။

နိုင်ငံပိုင်ရန်ပုံငွေ လုပ်ငန်း 1MDB မှ အမေရိကန်ဒေါ်လာဘီလီယံပေါင်းများစွာ ရယူထားသည် ဆိုသော စွဲချက်များနှင့် ရင်ဆိုင်လုံးပန်းနေရလျက်ရှိသည့် ၀န်ကြီးချုပ်ဟောင်း နာဂျစ်သည် မေလ ၂၂ ရက်က စုံစမ်းစစ်ဆေးမှုခံယူရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအေဂျင်စီသို့ ရောက်ရှိလာခဲ့သည်။

ပြီးခဲ့သည့် မေလ ၉ ရက် ရွေးကောက်ပွဲတွင် နာဂျစ်၏ ညွန့်ပေါင်းအုပ်စုမှာ မမျှော်လင့်ထားဘဲ မဟာသီယာ မိုဟာမက်ဦးဆောင်သည့် ပြုပြင်ပြောင်းလဲရေး မဟာမိတ်အုပ်စုအား အရေးနိမ့်ခဲ့ပြီး ကာလကြာ အာဏာစွဲကိုင်ထားမှု လက်လွှတ်ပေးခဲ့ရသည်။

၁၉၈၁-၂၀၀၃ အကြား ၀န်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသည့်အပြင် လက်ရှိအချိန်တွင် ၀န်ကြီးချုပ်သစ် ပြန်ဖြစ်လာသည့် မဟာသီယာကလည်း နာဂျစ်နှင့် ၎င်း၏ အပေါင်းအပါ ခရိုနီတို့ နိုင်ငံပိုင်ရန်ပုံငွေလုပ်ငန်း 1MDB ထံမှ ငွေများ ခိုးယူထားသည် ဆိုသော စွဲချက်များနှင့်ပတ်သက်၍ ဖော်ထုတ်ရန် အလေးထားလုပ်ဆောင်နေလျက်ရှိသည်။

အဆိုပါ ရန်ပုံငွေထဲမှ ဒေါ်လာ ဘီလီယံပေါင်းများစွာ ခိုးယူခံထားရသည်ဟု ဆိုပြီး ယင်း ငွေကြေးများကို အနုပညာလက်ရာပစ္စည်းများမှအစ တန်ဖိုးကြီး အိမ်ခြံမြေများအထိ ၀ယ်ယူသုံးစွဲထားသည်ဆိုသည့် သတင်းများ ထွက်ပေါ်နေခဲ့ပြီး ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း နာဂျစ်၏ နေအိမ်အပါအဝင် ၎င်းနှင့် ပတ်သက်နေသည့် အဆောက်အအုံများကို ရဲက ၀င်ရောက်စီးနင်းရှာဖွေမှုများ ပြုလုပ်ခဲ့ရာ တန်ဖိုးကြီး လက်ကိုင်အိတ်များနှင့် ငွေအပြည့်ထည့် လက်ဆွဲသေတ္တာများကို သိမ်းဆည်းရမိထားပြီး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly