အီရန်အပေါ် ဘဏ္ဍာရေးအရ အပြင်းထန်ဆုံးအရေးယူပိတ်ဆို့မည်ဟု အမေရိကန်နိုင်ငံခြာေးရးဝန်ကြီးပြော

အီရန်အပေါ် ဘဏ္ဍာရေးအရ အပြင်းထန်ဆုံးအရေးယူပိတ်ဆို့မည်ဟု အမေရိကန်နိုင်ငံခြာေးရးဝန်ကြီးပြော

၀ါရှင်တန်၊ အမေရိကန်၊ မေ ၂၂ ။            ။ အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရန်နိုင်ငံအပေါ် သမိုင်းတစ်လျှောက်အပြင်းထန်ဆုံးသော အရေးယူ ပိတ်ဆို့မှုများပြုလုပ်သွားပြီး ဘဏ္ဍာရေးအရဖိအားပေးမှုများကို မြှင့်တင်သွားမည်ဟု အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး မိုက်ခ်ပွန်ပေက တနင်္လာနေ့ကပြောဆိုခဲ့သည်။

၀ါရှင်တန်အစိုးရသည် အီရန်အစိုးရနှင့်ထားရှိထားခဲ့သော ၂၀၁၅ နျူကလီးယားသဘောတူညီချက်မှ နှုတ်ထွက်ခဲ့အပြီးတွင် ယခုလိုကြေညာခဲ့ခြင်းဖြစ်သည်။

“အီရန်အစိုးရအပေါ် မကြံုစဖူး ကြီးမားလှတဲ့ ဘဏ္ဍာရေးဖိအားပေးမှုများကို ကျုပ်တို့ဘက်ကချမှတ်သွားမှာပါ။ ကျုပ်တို့ဘက်က တကယ်လုပ်မယ်လို့ အလေးအနက်ပြောနေတာကို အီရန်အစိုးရအနေနဲ့ သံသယဝင်စရာ မလိုပါဘူး” ဟု ပွန်ပေက သူ၏နိုင်ငံခြားရေးမူဝါဒနှင့်ပက်သက်၍ ပထမဦးဆုံးမိန့်ခွန်းပြောကြားစဉ်တွင် ထည့်သွင်းပြောဆိုခဲ့သည်။

“အီရန်အစိုးရအနေနဲ့ ၄င်းတို့ရွေးချယ်ထားခဲ့တဲ့ အကျိုးမဖြစ်ထွန်းတဲ့လမ်းကြောင်းကို ဆက်လျှောက်နေမယ်ဆို ရင် ၄င်းတို့အပေါ် ပိုမိုကြီးလေးတဲ့ အရေးယူဒဏ်ခတ်မှုများကို ချမှတ်သွားဖို့ရှိပါတယ်” ဟု သူက ဖြည့်စွက်ပြော ဆိုခဲ့သည်။

ဒါ့အပြင် ပွန်ပေက “အီရန်တို့အနေနဲ့ အရှေ့အလယ်ပိုင်းဒေသကို ကြိုက်သလိုလုပ်ပြီး လွှမ်းမိုးနိုင်ဖို့ကြိုးစားနေ တာကို ထပ်မံလုပ်ဆောင်နိုင်မှာမဟုတ်တော့ပါဘူး” ဟု အီရန်အပေါ်ကိုင်တွယ်သွားမည့် အမေရိကန်၏ နည်းဗျူဟာအသစ်ကို ထုတ်ဖော်ပြောဆိုစဉ်တွင် ထည့်သွင်းပြောကြားခဲ့သည်။

အကယ်၍ အီရန်တို့အနေဖြင့် ပဲ့ထိန်းတပ်ဒုံးပျံစမ်းသပ်မှုများနှင့် ယီမင်နှင့်ဆီးရီးယားနိုင်ငံတို့ရှိ ဒေသတွင်း ပဋိပက္ခများအတွင်းပါ၀င်မှုကို အဆုံးသတ်ခဲ့ပါက အမေရိကန်ပြည်ထောင်စုအနေဖြင့် ၄င်းတို့အပေါ်ချမှတ်ထား သော အရေးယူပိတ်ဆို့မှုများကို ပြန်လည်ရုတ်သိမ်းပေးမည်ဟု ပွန်ပေက ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly