အောင်မြင်တဲ့ အမျိုးသမီး တစ်ယောက်ဖြစ်အောင် ဘာတွေလိုအပ်သလဲ

အောင်မြင်တဲ့ အမျိုးသမီး တစ်ယောက်ဖြစ်အောင် ဘာတွေလိုအပ်သလဲ

ကျွန်မတို့နိုင်ငံရဲ့ ခေတ်ရေစီးကြောင်းဟာ အလွန်လျင်မြန်စွာနဲ့ အဘက်ဘက်က တိုးတက်နေ ပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့အတူ ရင်ပေါင်တန်းပြီး အလုပ်လုပ်လာနိုင်ပြီ ဖြစ်တဲ့အ တွက်အောင်မြင်ကျော်ကြားချင်တဲ့ အမျိုးသမီးတွေအတွက် ခက်ခဲတဲ့အနေအထားတွေ မဟုတ်တော့ ပါဘူး။ ဒါပေမယ့် မှန်ကန်တဲ့နည်းလမ်းတွေနဲ့ ကြိုးစားဖို့တော့လိုပါမယ်။ စီးပွားရေးနယ်ပယ်မှာပဲဖြစ်ဖြစ်၊ လူမှုရေးနယ်ပယ်မှာပဲဖြစ်ဖြစ် အောင်မြင်ချင်တယ်ဆိုရင်တော့ မရှိမဖြစ်လိုအပ်တဲ့ နည်းလမ်းတွေကို သိထားသင့်ပါတယ်။

မိမိအောင်မြင်ဖို့ဆိုတာ တစ်စုံတစ်ယောက်က၊ ဆွေမျိုးအသိုင်းအဝိုင်းက ဖန်တီးပေးနိုင်တာမျိုး၊ သတ်မှတ်ပေးနိုင်တာမျိုး မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ကိုယ်ပိုင်အရည်အချင်းတွေက ဘယ်နေရာမှာ ဘယ်လို အံဝင်ဂွင်ကျဖြစ်မလဲ၊ ရွေးချယ်လိုက်တဲ့ ဘဝလမ်းကြောင်းမှာ ဘယ်လောက်အထိ အရေးပါ နိုင်မလဲ။ မိမိရဲ့ကြိုးစားမှုတွေက ဘယ်လောက်အထိ အရာထင်သလဲဆိုတာကသာ အဓိကကျတာပဲ ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ ကိုယ် “ဘာဖြစ်ချင်သလဲ” ဆိုတာ သေချာသိထားဖို့ လိုပါတယ်။ မိမိ ဖြစ်ချင်တာကို ဘယ်အချိန်မှာ စတင်အကောင်အထည် ဖော်ရမလဲဆိုတာ သိထားရင် သင့်ရဲ့ ရည်ရွယ် ချက်တွေအောင်မြင်ဖို့ အကောင်းဆုံး အကူအညီတွေ ဖြစ်လာပါလိမ့်မယ်။ တိကျသေချာတဲ့ ရည်ရွယ် ချက်တွေနဲ့ စတင်ခြင်းက အောင်မြင်ခြင်းရဲ့ လမ်းစတစ်ခုပဲ ဖြစ်ပါတယ်။

နောက်တစ်ခုက မိမိကိုယ်ကို နားလည်သဘောပေါက်ခြင်းပဲ ဖြစ်ပါတယ်။ နေ့စဉ်လှုပ်ရှား နေထိုင်လုပ်ကိုင်ကြတာက စက်ရုပ်သဘော ဖြစ်နေပါတယ်။ အချိန်နဲ့လိုက်ပြီး အလုပ်လုပ်မယ်၊ စားမယ်၊ မိသားစုကို စောင့်ရှောက်ပေးမယ်၊ သူတို့အတွက် စားစရာတွေ ပြင်ဆင်ပေးမယ်၊ အိမ်အလုပ် တွေလုပ်ရင်းနဲ့ နောက်တစ်နေ့အတွက် လှုပ်ရှားပြုမူဖို့ အဆင်သင့်ဖြစ်နေရတယ်။ ဒါကနေ့စဉ် သမားရိုး ကျဘဝကို သွားနေကြတာပဲဖြစ်ပါတယ်။

ကျွန်မတို့အနားယူတဲ့အခါ၊ တရားထိုင်တဲ့အခါ၊ အသက်ရှူ သွင်း၊ ရှူထုတ် လေးကျင့်ခန်းလုပ်နေတဲ့အခါ စိတ်ကို တည်ငြိမ်အေးချမ်းအောင် လေ့ကျင့်ခန်းလုပ် နေတဲ့ အခါမျိုးမှာ စဉ်းစားကြည့်လိုက်ပါ။ ရိုးရှင်းတဲ့နေ့ရက်တွေထဲက ကျွန်မတို့ဘဝအတွက် အံ့သြစရာ ကောင်းတဲ့ လက်ဆောင်တွေ ယူဆောင်နိုင်တာ သတိထားမိလာပါလိမ့်မယ်။ မိမိရဲ့လိုအပ်ချက်တွေကို နားလည်သဘောပေါက်လာပြီး စိတ်ရဲ့ အမှန်တကယ်ဖြစ်ချင်တဲ့ ဆန္ဒတွေကို သိမြင်လာပါလိမ့်မယ်။ ဘဝမှာ ဘာဖြစ်ချင်ခဲ့တာလဲဆိုတာသိဖို့ ကူညီပေးပါလိမ့်မယ်။

မိမိကိုယ်ကို ယုံကြည်မှုရှိဖို့ကလည်း အလွန်အရေးကြီးပါတယ်။ အမျိုးသမီးတစ်ယောက်အ တွက်  မိမိကိုယ်ကို ယုံကြည်မှုသာ မရှိခဲ့ဘူးဆိုရင် အောင်မြင်တဲ့သူတစ်ယောက် ဖြစ်လာမှာမဟုတ် ပါဘူး။

မိမိအတွက် အကျိုးပြုစာပေတွေနဲ့ အမျိုးသမီးတွေအတွက် ရှေ့ဆောင်လမ်းပြပေးနိုင်တဲ့ စာအုပ်တွေက သင့်အတွက် မိမိကိုယ်ကိုယ်ယုံကြည်မှုတွေ တည်ဆောက်ပေးနိုင်ပြီး စိတ်စွမ်းအင်တွေ ပေးစွမ်းနိုင် ပါတယ်။ မိမိတို့ရဲ့ ကိုယ်ပိုင်အရည်အချင်းတွေကို ယုံကြည်ချက်ရှိလာတဲ့အခါ အခွင့်အ လမ်းတွေ၊ အခွင့်အရေးတွေ အဆုံးမရှိ လမ်းပွင့်လာပါလိမ့်မယ်။ ကျွန်မတို့ကိုယ်တိုင်က မိမိရဲ့ အရည် အချင်းကို ယုံကြည်မှုမရှိခဲ့ရင် အောင်မြင်နိုင်မယ့် လမ်းစတွေကို တားမြစ်သလို ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ဘယ်လိုအောင်မြင်အောင်လုပ်မည်။ ဘယ်အလုပ်ကို ရွေးချယ်မယ် စသည်ဖြင့် ဆုံးဖြတ် ချက်မချခင် မိမိရဲ့ပြိုင်ဘက်ကင်းတဲ့ အရည်အချင်းတွေကို ပထမဆုံး ယုံကြည်ထားလိုက်ပါ။

နောက်တစ်ခုကတော့ အသိုင်းအဝန်း လိုအပ်ပါတယ်။ တစ်နည်းအားဖြင့် မိတ်ဆွေ(သို့မဟုတ်) မိမိယုံကြည်အားထားရတဲ့ တိုင်ပင်ဆွေးနွေး၊ အကြံပေးနိုင်တဲ့ ပတ်ဝန်းကျင်လို့ လည်းပြောလို့ရပါတယ်။ မိမိတစ်ကိုယ်တည်းနဲ့တော့ မိမိလိုချင်တဲ့ အနေအထားကိုတက်လှမ်းဖို့ ခက်ခဲနိုင်ပါတယ်။ အဖွဲ့အစည်းနဲ့ လိုက်လျောညီထွေရှိတဲ့ စိတ်ဓာတ်မျိုးလည်း ပိုင်ဆိုင်ရပါမယ်။ စီးပွားရေးတစ်ခုကို စတင်တည်ထောင် တဲ့အခါမှာ မိမိဘယ်လောက်ပဲ တော်တဲ့သူတစ်ယောက်ဖြစ်နေပါစေ၊ ဝန်ထမ်းတွေ ရဲ့ ပံ့ပိုးအားဖြည့်မှုတွေ မရှိခဲ့ရင် လုပ်ငန်းမအောင်မြင်နိုင်ပါဘူး။ သီးခြားနေတတ်တဲ့သူတွေနဲ့ အများနဲ့ လိုက်လျောညီထွေမရှိတဲ့သူတွေအတွက် အောင်မြင်ခြင်းဆိုတာ ခဲယဉ်းနေပါလိမ့်မယ်။ မိမိရဲ့ အလုပ် အကိုင်နှင့် ဆက်စပ်ပတ်သက်နေသူတွေထံက အကြံဉာဏ်တွေ၊ စိတ်ခွန်အားတွေနဲ့ ပြဿနာ အခက်အခဲတွေကို အတူတကွ ဖြေရှင်းဖို့ အကူအညီတွေ ရနိုင်ပါတယ်။

အမျိုးသမီးတွေဆိုတာ အစကတည်းက ဖျန်ဖြေပေးသူ၊ ပြဿနာတွေကို ပြေလည်စေသူ ပူးပေါင်းဆောင်ရွက်တတ်သူတွေ ဖြစ်ကြပါတယ်။ ပါရမီဖြည့်ပေးသူဆိုရင်လည်း မမှားပါဘူး အောင်မြင် ခြင်းမှာ အခြားသောကောင်းမွန်တဲ့ ဂုဏ်ပုဒ်တွေကလည်း တွဲလျက်ပါလာတတ်ပါတယ်။ သင်တကယ် လိုအပ်နေတဲ့ နေရာမျိုးတွေမှာ volunteer လုပ်ပေးတာမျိုး၊ မိမိတတ်နိုင်သလောက် ငွေကြေးအလှူ ထည့်ဝင်တာမျိုးတွေ ပြုလုပ်ပေးရင်တော့ အကောင်းဆုံးပါပဲ။

အောင်မြင်တဲ့ဘဝတစ်ခု ပိုင်ဆိုင်ဖို့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ အရည်အချင်း၊ ငွေကြေး၊ အသိုင်းအဝိုင်း၊ ပါရမီစသည်ဖြင့် လိုအပ်တာတွေရှိနိုင်ပေမယ့် အခြေခံရှိထားသင့်တဲ့ အကြောင်းအရာ တချို့ကို ဖော်ပြပေးခြင်း ဖြစ်သည်။ ရည်ရွယ်ချက်ကြီးမားတဲ့ အမျိုးသမီးတိုင်း တစ်ချိန်ချိန်မှာတော့ စီးပွားရေးနယ်ပယ်မှာဖြစ်စေ၊ ပညာရေးနယ်ပယ်မှာဖြစ်စေ၊ လူမှုရေးနယ် ပယ်မှာဖြစ်စေအောင်မြင်သွား ကြမှာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags