ARSA အဖွဲ့နှင့်ပတ်သက်ပြီး ပြည်ခိုင်ဖြိုးအမတ်ဟောင်းအား မောင်တောခရိုင်တရားရုံးတွင် ရုံးထုတ်စစ်ဆေး

ARSA အဖွဲ့နှင့်ပတ်သက်ပြီး ပြည်ခိုင်ဖြိုးအမတ်ဟောင်းအား မောင်တောခရိုင်တရားရုံးတွင် ရုံးထုတ်စစ်ဆေး
ဓာတ်ပုံ - အေးချမ်းခိုင်

 

ရန်ကုန်၊ မေ ၂၁ ။                  ။ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အစိုးရမှ ကြေညာထားသည့် ARSA အဖွဲ့ကို ငွေကြေးထောက်ပံ့သည်ဟု စွပ်စွဲ ခံထားရသည့် ပြည်ခိုင်ဖြိုးအမတ်ဟောင်း ဦးအောင်ဇော်ဝင်းကို ယနေ့ မေလ ၂၁ ရက်နေ့ မောင်တောခရိုင် တရားရုံးတွင် ရုံးထုတ်စစ်ဆေးနေကြောင်း ရဲသတင်းမှန်ပြန်ကြားရေးမှ ရဲမှူးကြီးမျိုးသူစိုးက မဇ္စျိမသို့ အတည်ပြုသည်။

 “ မောင်တောခရိုင်တရားရုံးမှာ စစ်ဆေးလျက်ရပြီး ယနေ့ ရုံးချိန်း ” ဟု ရဲမှူးကြီး မျိုးသူစိုးက တယ်လီဖုန်း မက်ဆေ့ချ်မှ တဆင့် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ ၂၀၁၆ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ မြန်မာဘက်သို့ လွဲပေးခဲ့သည့် ARSA အဖွဲ့ဝင်နှစ်ယောက်၏ ထွက်ဆိုချက်တွင် ဦးအောင်ဇော်ဝင်းမှ ငွေကြေးစီစဉ်ပေးခဲ့သည်ဟု ပါရှိသောကြောင့် ဖမ်းဝရမ်း ထုတ်ခဲ့ခြင်းလည်း ဖြစ်သည်။

ထို့နောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဘန်ကောက်သို့သွားရန်ပြင်ဆင်နေသည့် ဦးအောင်ဇော်ဝင်း ကို၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက် နံနက်ပိုင်းက ရဲမှူးနေအောင်လင်း ဦးစီးသည့်အဖွဲ့က ၀င်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏  မတ်လ ၁ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဦးအောင်ဇော်ဝင်း ကို မောင်တောမြို့နယ်၊ ငါးခူရနယ်မြေရဲစခန်းတွင် ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး အက်ဥပဒေ ပုဒ်မ ၆(၁) ၊ လက်နက်များ အက်ဥပဒေ ပုဒ်မ ၁၉ (က)၊  မတရားအသင်း အက်ပုဒ်မ၁၇(၁) အပြင် ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၃၃/ ၃၀၇/ ၃၂၄/၃၄၊ တို့ဖြင့် အမှုဖွင့်ထားခြင်း ဖြစ်သည်။

ဦးအောင်ဇော်ဝင်းသည် ပြီးခဲ့သည့် အစိုးရလက်ထက်တွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုကာ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly