တပ်မတော်၏ ပုဒ်မ ၅၀၀နှင့်တရားစွဲခံရသူ ၃ ဦးအတွက် အမှုချေဖျက်ပေးရန် တရားလွှတ်တော်သို့ လျောက်ထားမည်

တပ်မတော်၏ ပုဒ်မ ၅၀၀နှင့်တရားစွဲခံရသူ ၃ ဦးအတွက် အမှုချေဖျက်ပေးရန် တရားလွှတ်တော်သို့ လျောက်ထားမည်
ဓာတ်ပုံ - Hkun-Awng-Nlam's--Facebook

 

ရန်ကုန်၊ မေ ၂၁ ။     ။ အသရေဖျက်မှုပုဒ်မ ၅၀၀ ဖြင့် တပ်မတော်၏ တရားစွဲခြင်းကိုခံထားရသူ ၃ ဦးအတွက် အမှုချေဖျက်ပေးရန် ကချင်ပြည်နယ် တရားလွှတ်တော်သို့ လျှောက်ထားသွားမည်ဖြစ်မည်ဟု တရားခံရှေ့နေဘက်မှ တရားခွင်တွင် ပြောဆိုခဲ့ကြောင်း တရားစွဲဆိုခံထားရသူ ကိုလွမ်းဇောင်းကပြောသည်။

 “ ကျွန်တော်တို့ရှေ့နေကတော့ ဒီအမှုကို ချေဖျက်ဖို့အတွက် ကချင်ပြည်နယ်တရားလွှတ်တော်ကို လျှောက်ထားဖို့ အတွက် မြို့နယ်တရားသူကြီးကို ပြန်ပြီးတော့မှ အသိပေးပြောဆိုထားတာပေါ့။ ဒီကြား အတောတွင်းပေါ့။ ရုံးချိန်းကတော့လာမယ့် ၂၈ ရက်နေ့ပြန်ချိန်းထားတယ်” ဟု ကိုလွမ်းဇောင်းက ဆိုသည်။

ယနေ့ မေလ ၂၁ ရက်နေ့ ဒုတိယအကြိမ်ရုံးချိန်းတွင် ရက်ပိုင်းအတွင်း ကချင်ပြည်နယ် တရားလွှတ်တော်သို့ လျှောက်ထားသွားမည်ဟု ပြောဆိုခဲ့ခြင်း ဖြစ်ပြီး အချိန်အတိအကျကိုတော့ ၄င်းက ပြောဆိုခဲ့ခြင်းမရှိပေ။

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ၂ ဘက် တပ်တွေကြားထဲရောက်နေသည့် ပြည်သူတွေ လွတ်မြောက်ရန်အတွက် ဆန္ဒပြကာ ဦးဆောင်ဟောပြောခဲ့သောကြောင့်  ဦးလွမ်းဇောင်း၊ ဦးဇော်ဂျတ်နှင့် ဒေါ်နန်ပူတို့ (၃) ဦးကို မြောက်ပိုင်းတိုင်းဌာနချုပ်မှ ဒုတိယ ဗိုလ်မှူးကြီးမျိုးမင်းဦးက အမှုဖွင့်ခဲ့ခြင်းဟု သိရသည်။

မေလ ၁၆ ရက်ရုံးချိန်းတွင်  တရားစွဲဆိုခံထားရသည့် ဦးလွမ်းဇောင်း၊ ဦးဇော်ဂျတ်တို့မှာ တစ်ဦးကို ငွေ ၅ သိန်းကျပ်ဖြင့် အာမခံရခဲ့ပြီး ဒေါ်နန်ပူ မှာ ခရီးလွန်နေသော ကြောင့်  ယနေ့ မေလ ၂၁ ရက် ရုံးချိန်းတွင် အာမခံ လျှောက်ထားခဲ့ရကြောင်းလည်း ကိုလွမ်းဇောင်းကပြောသည်။

လာမည့် မေလ ၂၈ ရက်နေ့ တတိယအကြိမ်ရုံးချိန်းတွင် တရားလိုဖြစ်သည့် ဒုတိယ ဗိုလ်မှူးကြီးမျိုးမင်းဦး ကို ဆက်လက် စစ်ဆေးသွားမည်ဖြစ် ကြောင်းလည်းသိရသည်။

အသရေဖျက်မှုဖြစ်သည့် ပုဒ်မ ၅၀ဝ သည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၂ နှစ် သို့မဟုတ် ငွေဒဏ်ကျခံနိုင်ပြီး ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီး ဥပဒေတွင်ဖော်ပြထားသည်။

 ငြိမ်းချမ်းရေးအတွက် ဆန္ဒပြမှုများကြောင့် မေလ၊ တစ်ပတ်အတွင်း တက်ကြွလှုပ်ရှားသူ ၄၅  ဦးထိ တရားရင် ဆိုင်နေရကြောင်း အသံ( လွတ်လပ်စွာထုတ်ဖော်ပြောခွင့် လှုပ်ရှားမှုအဖွဲ့) မှ မေလ ၁၆ ရက်တွင် ထုတ်ပြန်ထား သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly