ဘာစီလိုနာပရိသတ်နဲ့ အသင်းဖော်တွေ အင်နီယေစတာကို နှုတ်ဆက်

ဘာစီလိုနာပရိသတ်နဲ့ အသင်းဖော်တွေ အင်နီယေစတာကို နှုတ်ဆက်

 

မေ ၂၁၊ ဘာစီလိုနာ။        ။ တနင်္ဂနွေနေ့တုန်းက ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဘာစီလိုနာအသင်းက ဆိုစီဒက်အသင်းကို ၁-၀ ဂိုးနဲ့အနိုင်ရခဲ့ပြီး ဝါရင့် ကွင်းလယ်ကစားသမား အင်နီယေစတာဟာ ဘာစီလိုနာအသင်းကို နှုတ်ဆက်ခဲ့ပါတယ်။

ပွဲချိန်ဒုတိယပိုင်းမှာ လူစားလဲခံရချိန်မှာ အင်နီယေစတာဟာ သူ့ရဲ့အသင်းခေါင်းဆောင်လက်ပတ်ကို မက်ဆီထံလွှဲပေးခဲ့ပြီး တခဲနက်အားပေးနေတဲ့ ပရိသတ်တွေရှိရာ နူးကမ့်ကွင်းထဲက ပွဲကြည့်စင်ဆီ မျက်ရည်တွေနဲ့ သွားရောက်နှုတ်ဆက်ခဲ့ပါတယ်။

အသက် ၃၄ နှစ်အရွယ်ကစားသမား အင်နီယေစတာထွက်ခွာသွားတဲ့အခါ သူ့ရဲ့နေရာကို ကော်တင်ဟိုက အစားဝင် ကစားရဖွယ်ရှိပြီး မက်ဆီက အသင်းခေါင်းဆောင်တာဝန်ယူရဖွယ်ရှိနေပါတယ်။

ဘာစီလိုနာအသင်းမှာ ၂၂ နှစ်ကြာခဲ့ပြီး ၁၆ နှစ်က စီနီယာအသင်းမှာကစားခဲ့တဲ့ အင်နီယေစတာဟာ ဘာစီလိုနာနဲ့ ၆၇၄ ပွဲ ပွဲထွက်ကစားထားပြီး သူ့ထက်ပိုသာတာဆိုလို့ ဇာဗီးတစ်ဦးသာရှိပါတယ်။

ဆိုစီဒက်စ်အသင်းကလည်း ကွင်းထဲဝင်လာတဲ့ အင်နီယေစတာကို လက်ခုပ်တီးကြိုဆိုခဲ့ပါသေးတယ်။ ပွဲအပြီးမှာတော့ အင်နီယေစတာရဲ့ နှုတ်ဆက်ပွဲကို နူးကမ့်ကွင်းထဲမှာ ခမ်းခမ်းနားနားပြုလုပ်ပေးခဲ့ပါတယ်။

ပရိသတ်တွေဟာ ပွဲကြည့်စင်ပေါ်မှာ ဖုန်းမီးတွေဖွင့်ပြီး အားပေးခဲ့ကြသလို အသင်းတာဝန်ရှိသူတွေက မှန်ဘောင်သွင်းထားတဲ့ ဘာစီလိုနာအကျႌပေးအပ်ခဲ့ပါတယ်။ အဲဒီအကျႌက အင်နီယေစတာရဲ့ ကျောနံပါတ် ၈ အကျႌဖြစ်ပါတယ်။

အဲဒီနောက် ဘာစီလိုနာအသင်းဖော်တွေဟာ အင်နီယေစတာကို အပေါ်ကိုဝိုင်းဝန်းမြှောက်တင်ခဲ့ကြပြီး ဆွာရက်ဇ်အပါအဝင် အသင်းဖော်တချို့ကတော့ မျက်ရည်ဝဲနေခဲ့ပါတယ်။ ကွင်းခေါင်းမိုးပေါ်က မီးရှူးမီးပန်းတွေကိုလည်း အင်နီယေစတာက ခလုတ်နှိပ်ပြီး ပစ်ဖောက်ပေးခဲ့ပါတယ်။

အင်နီယေစတာဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာတော့မယ်လို့ ကြေညာထားပြီး ဘယ်အသင်းမှာ ဆက်ကစားမယ်ဆိုတာကိုတော့ မဆုံးဖြတ်ရသေးပါဘူး။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly