ဗင်နီဇွဲလား၌ သမ္မတရွေးကောက်ပွဲကျင်းပ

ဗင်နီဇွဲလား၌ သမ္မတရွေးကောက်ပွဲကျင်းပ

 

ကာရာကတ်စ်၊ မေ ၂၁ ။                          ။ ဗင်နီဇွဲလားနိုင်ငံ၌ မေလ ၂၀ ရက်နေ့တွင် နိုင်ငံတစ်ဝန်း သမ္မတရွေးကောက်ပွဲများကျင်းပနေပြီး အတိုက်အခံ များက ပြည်သူလူထုအား ရွေးကောက်ပွဲနေ့တွင် နိုးကြားသတိရှိကြဖို့တိုက်တွန်းခဲ့ပြီး မဲရုံများ၌ဖြစ်ပေါ်လာနိုင် သော ပုံမှန်မဟုတ်သည့် မူမမှန်သောအခြေအနေများကို ရှုတ်ချကြဖို့နှိုးဆော်ခဲ့သည်။

“ခင်ဗျားတို့ဘာပဲလုပ်လုပ်၊ နိုးကြားသတိရှိကြဖို့ ကျုပ်တို့ကတောင်းဆိုတာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျုပ်တို့နိုင်ငံရဲ့အနာဂတ်ဟာ ခင်ဗျားတို့ရဲ့ ဆုံးဖြတ်ချက်ပေါ်မှာ မူတည်နေပါတယ်” ဟု အန်ဒရက်စ်ဘယ်လို ကတ်သလစ်တက္ကသိုလ်မှ မဟာဌာနမှူးဟိုဆေးဗာတူဆိုက ပြည်သူများကို ပြောဆိုခဲ့သည်။

ဒါ့အပြင် သူ့အနေဖြင့် မဲပေးခွင့်ရှိသူများအားလုံး မဲပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ ၄င်းတို့၏ဆုံးဖြတ်ချက် ဟူသမျှကို လေးစားရမည်ဖြစ်ကြောင်းနှင့် ယခုရွေးကောက်ပွဲသည် အများကတောင်းဆိုနေသည့် သမားရိုးကျ လုပ်ငန်းစဉ်များနှင့် ကိုက်ညီအောင်ဆောင်ရွက်ပေးထားခြင်းမရှိကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။

ဗင်နီဇွဲလားနိုင်ငံ၏ အတိုက်အခံပါတီအများစုက ရွေးကောက်ပွဲကိုသပိတ်မှောက်နေသော်လည်း မေလ ၂၀ ရက် တနင်္ဂနွေနေ့တွင် စီစဉ်ထားသည့်အတိုင်း ကျင်းပနေခြင်းဖြစ်ပြီး ရွေးကောက်ပွဲ၌ထပ်မံယှဉ်ပြိုင်နေသည့် သမ္မတနစ်ကိုးလပ်စ်မာဒူယိုက သူ၏စီရင်စုနယ်မြေအတွင်းရှိ မဲရုံ၌ ပထမဦးဆုံးမဲပေးသူအဖြစ် ပါ၀င်ခဲ့သည်။

မာဒူယိုသည် ယခုသမ္မတရွေးကောက်ပွဲ၌ သမ္မတလောင်းများဖြစ်ကြသော အုပ်ချုပ်ရေးမှူးဟောင်း ဟန်နရီဖယ်ကွန်၊ ဧဝံဂေလိအသင်းဝင်ဝန်ကြီး ယာဗီးယားဘာတူစီနှင့် အင်ဂျင်နီယာဖြစ်သူ ရိန်နယ်ဒိုကွီဂျာဒါတို့ နှင့် အပြိုင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အတိုက်အခံများက လက်ရှိအစိုးရအဖွဲ့၏ ဆိုရှယ်လစ်စီးပွားရေးပေါ်လစီများကြောင့် နိုင်ငံ၏စီးပွားရေးကျဆင်း ပြီး ငွေကြေးဖောင်းပွမှုများဖြစ်ပေါ်နေရသည်ဟု ဝေဖန်ပြစ်တင်ခဲ့သော်လည်း မာဒူယို၏အစိုးရအဖွဲ့ကမူ ယင်းသို့ဖြစ်ပေါ်ရခြင်းမှာ အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံများ၏ ပုံစံတစ်မျိုးဖြင့် စစ်ရေးအရကျူးကျော် မှုကြောင့်ဖြစ်သည်ဟု ပြန်လည်ချေပခဲ့သည်။

ယခုသမ္မတရွေးကောက်ပွဲတွင် မဲပေးသူပြည်သူများသည် ဗင်နီဇွဲလား၏ ပြည်နယ် ၂၃ ခုမှ ဥပဒေပြုလွှတ်တော် အမတ်များနှင့် မြူနီစပယ် ၃၃၅ ခုမှ အရာရှိများအတွက် မဲပေးရွေးချယ်နေခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly