“ ရွေးကောက်ပွဲ မဲဆွယ်ပွဲတွေ ပျင်းစရာ ကောင်းနေမလား ”

“ ရွေးကောက်ပွဲ မဲဆွယ်ပွဲတွေ ပျင်းစရာ ကောင်းနေမလား ”

လာမယ့် စက်တင်ဘာ ၈ ရက်နေ့ဆိုရင် လွှတ်တော် အမတ်လောင်းတွေဟာ တရားဝင် မဲဆွယ် စည်းရုံးခွင့် ရကြပါတော့မယ်။ ပုံမှန်အားဖြင့်ဆိုရင် ဒီအချိန်ဒီအခါ ဟာရွေးကောက်ပွဲ လုပ်တဲ့နိုင်ငံ ကပြည်သူတွေအတွက် ရင်ခုန် စိတ်လှုပ်ရှားစရာပါ။ ဘယ်အမတ်လောင်းတွေကတော့ တိုင်းပြည်ရဲ့ ဘယ်အချက်အလက်တွေကို ဝေဖန်လိုက်မယ်၊ ဘယ်အမတ်လောင်းတွေကတော့ ဘယ်ပါတီရဲ့ အားနည်းချက်ကို ထိထိမိမိ ထောက်ပြလိုက်တော့မယ်ဆိုတာ တွေ့မြင် ကြားသိကြရ မှာမို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရော အဲဒီလို ဖြစ်လာနိုင်ပါ့မလားဆိုတာ ဒီကနေ့ ဆွေးနွေးသုံးသပ် ကြည့်ကြရအောင်။

သေချာတာကတော့ အမတ်လောင်းတွေရဲ့ အဲလိုမဲဆွယ် စည်းရုံးမှု ပုံရိပ်တွေကို စွမ်းပ ကားအကြီးဆုံးလို့ ဆိုရမယ့် ပြည်တွင်းက ရေဒီယိုနဲ့ ရုပ်မြင်သံကြားလိုင်းတွေမှာ မြင်ရ၊ ကြားရမှာ တော့ မဟုတ် ပါဘူး။ လက်ရှိ အစိုးရ၊ တပ်မတော်နဲ့ ခရိုနီ တစ်စုလက်ထဲမှာပဲ ရှိနေတဲ့ ရုပ်သံနဲ့ ရေဒီယိုလိုင်းတွေကနေ အဲလိုမဲဆွယ် စည်းရုံးမှုမျိုးတွေ ထုတ်လွှင့်ခွင့်ရမှာ မဟုတ်လို့ပါပဲ။ အစိုးရ ကတော့ သူတို့ပိုင်ဆိုင်တဲ့ ရုပ်သံ၊ ရေဒီယို၊ သတင်းစာတွေကနေ ပါတီတစ်ခုကို ၁၅ မိနစ်ကြာ ညီတူညီမျှ အချိန်ပေး မဲဆွယ်စည်းရုံးခွင့် ပြုမယ်လို့ ဆိုထားပါတယ်။

ဒါမျိုးအရင် ၁၉၉၀ နဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းကလည်း ပြုလုပ်ခဲ့ဖူးပြီး ကန့်သတ်ချက် စည်းကမ်းတွေ များတာ၊ စိစစ်မှုလည်း ခံယူရဦးမှာ ဖြစ်တဲ့အတွက် သေချာတာတစ်ခုကတော့ သူများနိုင်ငံက မဲဆွယ် စည်းရုံးတဲ့ ပုံစံနဲ့ မတူ၊ အများစုဟာ ပျင်းစရာကောင်းနေမှာ အမှန်ပဲ ဖြစ်ပါတယ်။

သိပ်ပြီး မခန့်မှန်းနိုင်သေးတဲ့ အချက်ကတော့ ဘယ်ပါတီတွေနဲ့ ဘယ်အမတ်လောင်းတွေ ဟာ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေကို အကျိုးရှိရှိ၊ ကောင်းကောင်းမွန်မွန် အသုံးပြု မဲဆွယ်စည်းရုံးနိုင် မလဲဆိုတာပါ။ ဒီနေရာမှာ မိုဘိုင်းဖုန်း ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်ရ ယူ လုပ်ကိုင်ထားတဲ့ ကုမ္ပဏီကြီးတွေရဲ့ စိတ်ဝင်စားမှုပါ။ ဈေးကွက် ဝေစုပိုရဖို့အတွက် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သူတို့ ဘယ်လို ပါဝင်ကြမလဲ မသိနိုင်သေးပါဘူး။ ပြည်သူတွေ နည်းနည်းပါးပါး မျှော်လင့်နိုင်တာကတော့ အမတ်လောင်းတွေရဲ့ လူကိုယ်တိုင် တိုက်ရိုက်မဲဆွယ် စည်းရုံးမှု တွေကိုပါ။

ဒါပေမယ့် ဒါကိုလည်း သိပ်မျှော်လင့်လို့ မရနိုင်ပြန်ပါဘူး။ အခုဆိုရင် အင်န်အယ်လ်ဒီ အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ လာမယ့်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူ တချို့ကို သတ်မှတ်ပေး လိုက်ပါပြီ။ အင်န်အယ်လ်ဒီရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်း၊ နိုင်ငံရေးမူဝါဒ သဘောထားတွေနဲ့ ပတ်သက်ပြီး ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ နည်းဥပဒေ စည်းကမ်း လမ်းညွှန်ချက်တွေနဲ့ ပတ်သက်ပြီး ဦးဉာဏ်ဝင်း၊ ရွေးကောက်ပွဲ အောင်နိုင်ရေး စည်းရုံးရေး ခရီးစဉ်တွေနဲ့ ပတ်သက်ပြီး ဦးဝင်းထိန်၊ အင်န်အယ်လ်ဒီ အမတ်တွေရဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဦးဝင်းမြင့် ၊ရွေးကောက်ပွဲ သတင်းဖြန့်ချိခြင်းနဲ့ ပတ်သက်ပြီး ဦးသိန်းဦး စတဲ့ လူတွေပဲ ပြောရေးဆိုခွင့် ရှိတော့မယ် ဖြစ်ပါတယ်။ အင်န်အယ်လ်ဒီ ဘက်ကတော့ ဒါဟာ ပါတီဝင် တွေ၊ အမတ်လောင်းတွေ ရဲ့ပြောရေးဆို ခွင့်ကို ကန့်သတ်တာ မဟုတ်၊ ပိုပြီး စနစ်ကျအောင် လုပ်တာလို့ ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီအချက်ကိုကြည့်ရင် အင်န်အယ်လ်ဒီလို ပါတီကြီးမျိုးပင်လျှင် လာမယ့် ရွေးကောက်ပွဲ မဲဆွယ်ကာလ အမတ်လောင်းတွေ ပြောကြ၊ ဆိုကြ၊ အင်တာဗျူး လုပ်ကြမယ့် ကိစ္စမျိုးတွေအတွက် စိုးရိမ်ပူပန်မှု ရှိနေတယ်ဆိုတာကို ဖော်ပြလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ သိပ်ပြီး မရှင်းလင်းတာက အင်န်အယ်လ်ဒီ အမတ်လောင်းတွေအနေနဲ့ ပါတီရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်း၊ နိုင်ငံရေးမူဝါဒ သဘောထားတွေကို ပြောခွင့်ရှိမလား၊ စာနယ်ဇင်းတွေက မေးရင် အင်တာဗျူးခွင့် ရှိမလား ဆိုတာပါပဲ။

အဲဒါတွေ မပြောရ မဆိုရဘူးဆိုရင် ဘာတွေပြောပြီး ဘယ်လို မဲဆွယ် စည်းရုံးရမလဲလို့ မေးရမလိုတောင် ဖြစ်နေပါပြီ။ ဒါပေမယ့် ဒါဟာ သဘာဝကျနိုင်ပါတယ်။ တခြား နိုင်ခြေရှိတယ်လို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်တဲ့ နိုင်ငံရေးပါတီတွေဟာလည်း သူတို့ အမတ်လောင်းတွေကို ခုလိုပဲ ပြောဆိုလမ်းညွှန်နေတာ ကြားကြရလို့ပါပဲ။

အကြောင်းကတော့ လာမယ့်ရွေးကောက်ပွဲမှာ ပြည်သူအများစု ထောက်ခံလို့ မဲအပြတ် အသတ်နဲ့ အနိုင်ရသူပင် ဖြစ်ပါစေ၊ မဲဆွယ် စည်းရုံးမှုကြောင့် ဖြစ်စေ၊ တခြား အကြောင်းကြောင့်ဖြစ်စေရွေးကောက်ပွဲ အပြီးမှာ တိုင်ကြားခံရပြီး စွပ်စွဲချက် မှန်ကန်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ဆုံးဖြတ်တာ ခံရရင် အမတ်လောင်းအဖြစ်ကနေ ပယ်ဖျက်ခံရမှာ ဖြစ်လို့ပါပဲ။ အဲလို အမတ်လောင်းကနေ ပယ်ဖျက်ခံလိုက် ရတာနဲ့ တစ်ပြိုင်နက် ကိုယ့်ပြိုင်ဘက် အမတ်လောင်းတွေ ထဲက မဲအများဆုံးရထားတဲ့ သူတစ်ယောက်၊ သူ့ဖာသာသူ မဲ ၃၀ ရာခိုင်နှုန်းပဲ ရရ၊ ၂၀ ရာခိုင်နှုန်းပဲ ရရ အမတ်ဖြစ်သွားမှာမို့ပါပဲ။

ဒါကြောင့် ရွေးကောက်ပွဲအပြီး အတိုင်မခံရလေအောင် ပါတီကြီး တွေဟာ သူတို့အမတ်လောင်းတွေကို မဲဆွယ်စည်းရုံးရေး ကာလမှာ အလွန်သတိထား ဆင်ခြင် ကြဖို့၊ ကိုယ့်ကို လာဝေဖန်ရင်တောင်ပြန်ပြီး ခွန်းတုန့်မပြန်ဖို့၊ မှတ်ထား၊ သားထား၊ အထောက် အထားယူထားပြီး နောင်ရွေးကောက်ပွဲပြီးရင် တိုင်ကြားနိုင်အောင် ပြင်ထားကြဖို့ ညွှန်ကြားတာမျိုး လုပ်နေကြပါပြီ။

တကယ်တော့ ဒါဟာ သိပ်ပြီးသင့်တော်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အမတ်လောင်း တစ်ယောက်ဟာ ကိုယ့်ပြိုင်ဘက် အမတ်လောင်းတွေ၊ ပြိုင်ဘက်ပါတီတွေ၊ အာဏာရပါတီက မဟုတ်ရင် လက်ရှိအစိုးရ ကိုမှန်ကန်တဲ့နည်းနဲ့ ထိထိရောက်ရောက် ဝေဖန်ထောက်ပြ မဲဆွယ် စည်းရုံးခွင့် ရသင့်ပါတယ်။ နိုင်ငံရေးပါတီများနဲ့ ကိုယ်စားလှယ်လောင်းတွေအတွက် သတ်မှတ် ထားတဲ့ ကျင့်ဝတ်မှာလည်း တခြား ပါတီတွေကို အသရေဖျက်တာ၊ ပုတ်ခတ်တာ မလုပ်ဖို့၊ ပြိုင်ဘက် အမတ်တွေကို မမှန်မကန် ဝေဖန်တိုက်ခိုက်တာ မလုပ်ဖို့လောက်ကိုပဲ တားမြစ်ထားတာ ဖြစ်ပါတယ်။ မှန်မှန်ကန်ကန် ဝေဖန်ထောက်ပြမှုကို တားမြစ်ထားတဲ့ အချက်မျိုး မပါရှိပါဘူး။

ဒါပေမယ့်လည်း နိုင်ငံရေးပါတီကြီးတွေကတော့ ကိုယ့်အမတ်လောင်း အနိုင်ရပြီးမှ တိုင်ကြား ခံရတာမျိုးကို မဖြစ်စေလိုလို့ ခုလိုကြိုတင် ကာကွယ်ဖို့နည်းလမ်း ကျင့်သုံးကြတာ ဖြစ်နိုင်ပါတယ်။ တကယ်တော့ ပါတီအများစုကြီးဟာ သူတို့ အမတ်လောင်းတွေရဲ့ ကံကြမ္မာကို ရွေးကောက်ပွဲ ကော်မရှင်လက် ဝ ကွက် အပ်ချင်ကြပုံ မရကြပါဘူး။

ဒါလည်း မှန်ပါတယ်။ ဒီအချက်နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့သြဂုတ်လ ၁၉ ရက်နေ့က ထုတ်ပြန် ခဲ့တဲ့ အမေရိကန်အခြေစိုက် ကာတာစင်တာရဲ့ ရွေးကောက်ပွဲ စောင့်ကြည့်မှုနဲ့ဆိုင်တဲ့ ဒုတိယ အစီရင်ခံစာ မှာနိုင်ငံရေးပါတီတွေ စိုးရိမ်နေကြတဲ့ အငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီး ခုလို ထည့်သွင်း ဖော်ပြထားပါတယ်။ “ရွေးကောက်ပွဲလွန်ကာလ အငြင်ပွားမှုများအတွက် ရွေးကောက်ပွဲ ခုံအဖွဲ့များ တည်ထောင် ဖွဲ့စည်းရာတွင် လွတ်လပ်ပြီး အမှီအခိုကင်းသည့် ပညာရှင်များကို ခန့်အပ် ရန်အတွက် အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ၏ အကြံဉာဏ်များကို ထည့်သွင်းသင့်ပြီး၊ တိုင်ကြားမှုမျာ အားလုံးကို အချိန်မီ တုန့်ပြန်ပေးမှုလည်း ရှိသင့်ပါသည်” လို့ ဆိုထားပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံရေးပါတီတွေက စိုးရိမ်နေတဲ့ စိုးရိမ်မှုတွေကို ကာတာ စင်တာက ထောက်ပြတဲ့အတိုင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြိုတင် အကောင်အ ထည်ဖော်ပေးနိုင်ခဲ့ရင် လာမယ့်ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ အမတ်လောင်းတွေရဲ့ စိုးရိမ်ပူ ပန်မှုတွေ လျော့ကျပြီး ပိုမို စိတ်ဝင်စားဖို့ကောင်းတဲ့၊ သက်ဝင်လှုပ်ရှားနေတဲ့ မဲဆွယ် စည်းရုံးမှုတွေ ဖြစ်လာနိုင်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags