လူ ၁၁၀ သေဆုံးသည့် ကျူးဘားပျက်ကျလေယာဉ်အတွင်းမှ မှတ်တမ်းကရိယာကို အာဏာပိုင်များထုတ်ယူ

လူ ၁၁၀ သေဆုံးသည့် ကျူးဘားပျက်ကျလေယာဉ်အတွင်းမှ မှတ်တမ်းကရိယာကို အာဏာပိုင်များထုတ်ယူ

ဟာဗားနား၊ ကျူးဘား၊ မေ ၂၀ ။            ။ ကျူးဘားကျွမ်းကျင်ပညာရှင်များသည် ဟာဗားနား၌ပျက်ကျခဲ့သော လူ ၁၁၀ခန့်သေဆုံးခဲ့သည့် လေယာဉ် အတွင်းမှ မပျက်မယွင်းပဲရှိနေသည့် မှတ်တမ်းကရိယာတစ်လုံးကို ထုတ်ယူခဲ့ကြပြီး မကြာမီတွင်အလားတူ နောက်ထပ်ကရိယာတစ်လုံးကိုထုတ်ယူကာ အချက်အလက်များကို စစ်ဆေးကြည့်ရှုနိုင်တော့မည်ဖြစ်ကြောင်း ကျူးဘားသယ်ယူပို့ဆောင်ရေးဝန်ကြီး အဒယ်လ်ယက်ဇ်ကွီယာဒိုက ပြောခဲ့သည။

လေယာဉ်အတွင်းမှ အချက်အလက်များသည် အစီအစဉ်တကျရှိနေဆဲဖြစ်ပြီး ၄င်း၏အော်ပရေတာဖြစ်သော မက္ကစီကိုပိုင် Global Air ကုမ္ပဏီက ၄င်းကရိယာကို ပြုပြင်ထိန်းသိမ်းဖို့ တာဝန်ရှိကြောင်း သူက ဆိုခဲ့သည်။

ယက်ဇ်ကွီယာဒိုသည် ခရီးသည်တင်လေယာဉ်ပျက်ကျခဲ့သည့် အခင်းဖြစ်ပွားရာနေရာတွင် ပြုလုပ်လျက်ရှိသော စုံစမ်းစစ်ဆေးမှုများနှင့်ပက်သက်၍လည်း ကျူးဘားနိုင်ငံပိုင်ရုပ်သံသို့ ပြောကြားခဲ့သည်။ ယင်းဘိုးရင်းလေယာဉ် သည် ဟာဗားနားရှိ ဟိုဆေးမာတီအပြည်ပြည်ဆိုင်ရာလေဆိပ်မှ တစ်ကီလိုမီတာခန့်ကွာဝေးသော စိုက်ပျိုးခင်း များရှိရာအရပ်တွင် ပျက်ကျသွားခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့လက်ထဲမှာ မပျက်မယွင်းပဲရှိနေတဲ့ လေယာဉ်မှတ်တမ်းကရိယာတစ်လုံး ရှိနေပါတယ်။ လာမယ့် နာရီအနည်းငယ်အတွင်းမှာ နောက်ထပ်ကရိယာတစ်လုံးကိုထပ်မံရယူပြီး မတော်တဆပျက်ကျရတဲ့အကြောင်း ရင်းကို အသေးစိတ်သိရှိနိုင်တော့မှာဖြစ်ပါတယ်” ဟု ယက်ဇ်ကွီယာဒိုက ဆိုခဲ့သည်။

ထိုဖြစ်စဉ်အတွင်းပါ၀င်ခဲ့သူအားလုံးကို ဟာဗားနားရှိ အမျိုးသားဆေးဝါးကုသမှုဌာနသို့ သယ်ဆောင်သွားခဲ့ပြီး မည်သူမည်ဝါဖြစ်သည်ဆိုတာကို ခွဲခြားသတ်မှတ်ဖို့ ကျန်ရစ်သူမိသားစုများကို ထိုဌာနသို့ ခေါ်ဆောင်ထားသည် ဟု ကျူးဘားဝန်ကြီးက ဆိုခဲ့သည်။

ဒေသစံတော်ချိန် သောကြာနေ့ ၁၂းဝ၈ နာရီခန့်ကဖြစ်ပွားခဲ့သော ယင်းခရီးသည်တင်လေယာဉ်ပျက်ကျမှု၌ ကလေးငယ်များအပါအဝင် လူပေါင်း ၁၁၀ ခန့်သေဆုံးခဲ့ရကြောင်း သိရသည်။

ဘိုးရင်း ရ၃၇ လေယာဉ်သည် လေယာဉ်ပြေးလမ်းပေါ်မှ လေထဲသို့ပျံတက်အပြီး မိနစ်ပိုင်းအကြာတွင် ရုတ်တရက်ပျက်ကျသွားခဲ့ခြင်းဖြစ်ပြီး ပျက်ကျရသည့်အကြောင်းရင်းကို လောလောဆယ်အထိ မသိရသေး ကြောင်း ယက်ဇ်ကွီယာဒိုက ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly