ဘီးလင်း၊ လယ်ယာမြေသိမ်းဆည်းခံရမှုနှင့် ပတ်သက်ပြီး ဆန္ဒထုတ်ဖော်သူများကို ရဲတပ်ဖွဲ့မှ ဖြိုခွင်းဖမ်းဆီး

ဘီးလင်း၊ လယ်ယာမြေသိမ်းဆည်းခံရမှုနှင့် ပတ်သက်ပြီး ဆန္ဒထုတ်ဖော်သူများကို ရဲတပ်ဖွဲ့မှ ဖြိုခွင်းဖမ်းဆီး
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန်၊ မေလ ၁၉ ။          ။ ဘီးလင်းမြို့နယ်မှ လယ်ယာမြေသိမ်းဆည်းခံရမှုနှင့် ပတ်သက်ပြီး လက်ရှိအာဏာရပါတီအစိုးရက ဖြေရှင်း ဆောင်ရွက်ပေးခြင်းမရှိဟုဆိုကာ ဆန္ဒထုတ်ဖော်ခဲ့သူများကို ရဲတပ်ဖွဲ့မှ အင်အားသုံး ဖြိုခွင်းဖမ်းဆီးခဲ့သည်။

ယနေ့ မေလ ၁၉ ရက်၊ နံနက် ၉ နာရီ၊  ရန်ကုန်၊ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်ရုံးရှေ့ တွင် လူအင်အား ၅ဝ ခန့်က ကြွေးကြော်ချက်များနှင့်အတူ အလံများကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

" လယ်ယာမြေကိစ္စမြေသိမ်းခံရပြီး စည်းရိုးထဲမှာ ကျူးလွန်ဖျက်စီးခဲ့တဲ့ ကုမ္ပဏီတွေပေါ့နော်။ အဲ့ဒီကုမ္ပဏီ တွေ ရှိတယ်။ နောက်ပြီးတော့မှ ဌာနဆိုင်ရာတွေကလည်း ကျွန်မတို့ကို အရေးယူဆောင်ရွက်ပေးတာမျိုးမရှိဘူး။ တိုင် စာတွေလည်း အထပ်ထပ်အခါခါတိုင်ထားတယ်။ သို့သော် ကျွန်မတို့ ကရင်တိုင်းရင်းသားတွေ KNU ပြေစာနဲ့ ထုတ်ထားတဲ့ ပြေစာတွေအပေါ်မှာပေါ့ အဲ့ဒီမြေတွေကို အပင်တွေစိုက်ထားတယ်။ နှစ်ရှည်ပင်တွေကို သူတို့က စက်ကြီးယန္တရားတွေနဲ့ ထိုးပြီးတော့ အဲ့ဒီလို အနိုင်ကျင့်ပြီးစော်ကားသွားတယ်။ အဲ့ဒီအတွက် ပြန်လည်ဖြေရှင်း ဖို့ကျတော့ တိုင်းရင်းသားကရင်ပြေစာဆိုတာ ချီးကုံးလို့မရဘူးလို့ ပုတ်ခတ်စော်ကားသံကြားမှ ကျွန်မတို့ တိုင်းရင်းသားတွေကို အဲ့ဒီလိုမျိုးမျက်ကွယ်ပြုနေတဲ့အတွက် ကျွန်မတို့ ဆန္ဒပြတယ်"ဟု ဆန္ဒပြပွဲတွင် ဦးဆောင်ပါ၀င်သူ နော်အေးအေးကြူက ပြောသည်။

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် သိမ်းဆည်းခံထားရသည့် လယ်ယာမြေ ဧကပေါင်း ၁၃၀၀ ဒသမ ၅၆ ဧက ရှိကြောင်း သိရသည်။

ထိုကဲ့သို့ လယ်ယာမြေသိမ်းဆည်းခံရမှုနှင့်ပတ်သက်ပြီး ဆန္ဒပြခဲ့ရာတွင် ရဲတပ်ဖွဲ့က ၃ ကြိမ်ထိတားဆီးခဲ့သော် လည်း ဆက်လက်ဆန္ဒပြခဲ့သဖြင့် ရဲတပ်ဖွဲ့အင်အား ၁၅၀ ခန့်ဖြင့် ဖြိုခွင်းဖမ်းဆီးခဲ့သည်။ ယင်းနောက်ဆန္ဒပြရာတွင် ဦးဆောင်ပါ၀င်ခဲ့သူ နော်အေးအေးကြူအပါအဝင် အမျိုးသား ၂ ဦး စုစုပေါင်း ၃ ဦးကို ရဲတပ်ဖွဲ့က အသင့်စောင်းဆိုင်းနေသည့် အချုပ်ကားများဖြင့် ဗဟန်းရဲစခန်းသို့ ဖမ်းဆီး ခေါ် ဆောင်သွားသည်။

ရဲတပ်ဖွဲ့မှ အင်အားသုံး ဖြိုခွင်းဖမ်းဆီးခဲ့မှုနှင့် ပတ်သက်ပြီး ဗဟန်းရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းဖြေကြားခြင်းမရှိသဖြင့် ဗဟန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်အား မဇ္စျိမက ဆက်သွယ်မေးမြန်းခဲ့ရာ ငြိမ်းစုစီဥပဒေအရ ကန့်သတ်နယ်မြေ ၁၁ မြို့နယ်တွင် ပါ၀င်သည့်အတွက် ခွင့်ပြုချက် ပေးထားခြင်းမရှိကြောင်း ဖြေဆိုခဲ့သည်။

" သူတို့ကို ငြိမ်းစုစီခွင့်ပြုချက်မပေးထားဘူး။ အခုဆန္ဒပြတဲ့နေရာက ကန့်သတ်ဧရိယာ ၁၁ မြို့နယ်ထဲမှာပါတဲ့ အတွက်ကြောင့်မို့လို့ ငြိမ်းစုစီဥပဒေအရ သက်ဆိုင်ရာအာဏာပိုင်တွေက ခွင့်ပြုချက်မပေးထားဘူး။ ခွင့်ပြုချက် မပေးဘူးဆိုတဲ့အကြောင်းကိုလည်း စာနဲ့ ရဲက အကြောင်းပြန်ပြီးသားလို့ သိရပါတယ်"ဟု ဗဟန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က ပြောသည်။

ဖမ်းဆီးခံရသူများကို ငြိမ်းစုစီ ဥပဒေပုဒ်မ ၂၀ဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly