အက်သလက်တီကိုရဲ့ဖလားလှည့်ပွဲမှာ ဂရစ်ဇ်မန်းကိုအသင်းမပြောင်းဖို့ ပရိသတ်တွေတောင်းဆို

အက်သလက်တီကိုရဲ့ဖလားလှည့်ပွဲမှာ ဂရစ်ဇ်မန်းကိုအသင်းမပြောင်းဖို့ ပရိသတ်တွေတောင်းဆို

မေ ၁၉၊ မက်ဒရစ်။           ။ ယူရိုပါလိဂ်ချန်ပီယံအက်သလက်တီကို မက်ဒရစ် အသင်းဟာ သောကြာနေ့က စပိန်မြို့တော်မှာ အောင်ပွဲခံလှည့်လည်ခဲ့ရာမှာ ပရိသတ်ထောင်ပေါင်းများစွာ ဂုဏ်ပြုကြိုဆိုခဲ့ကြပြီး အများစုက အသင်းရဲ့ဂိုးသွင်းကောင်းတဲ့တိုက်စစ်မှူး ဂရစ်ဇ်မန်းကို အခြားအသင်းထံမပြောင်းဖို့ တောင်းဆိုခဲ့ကြပါတယ်။

ကစားသမားတွေ၊ နည်းပြအဖွဲ့ဝင်တွေနဲ့ အသင်းရဲ့တာဝန်ရှိသူတွေဟာ မြို့တော်ရဲ့အဓိကလမ်းတွေ၊ စင်တာတွေဆီ အမိုးဖွင့်ကားနဲ့ လှည့်လည်ပွဲမလုပ်မီ မြို့တော်ဝန်အပါအဝင် အစိုးရပိုင်းနဲ့ ဦးစွာတွေ့ဆုံခဲ့ပါတယ်။

လှည့်လည်ပွဲကို အသင်းရဲ့ အောင်ပွဲခံနေကျနေရာ နတ်ပ်ကျွန်း ရေပန်းရှေ့မှာ အဆုံးသတ်ခဲ့ပြီး စင်မြင့်ပေါ်မှာ ရုပ်သံဖန်သားပြင် အကြီးကြီးနဲ့ ကစားသမားတွေကို ကြိုဆိုခဲ့ပါတယ်။ ကစားသမားတစ်ဦးချင်းကိုလည်း ပရိသတ်နဲ့ မိတ်ဆက်ခဲ့ပါတယ်။

မာဆေးကို ၃-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ နှစ်ဂိုးသွင်းနိုင်ခဲ့တဲ့ ဂရစ်ဇ်မန်းအလှည့်ရောက်ချိန်မှာတော့ အသင်းမှာ နောက်တစ်ရာသီဆက်ရှိနေဖို့ ပရိသတ်တွေက အော်ဟစ်တောင်းဆိုခဲ့ကြပါတယ်။

အဲဒီပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဟာ ဘာစီလိုနာအသင်းရဲ့ စိတ်ဝင်စားခြင်းကိုခံနေရပြီး အသင်းပြောင်းတော့မယ်လို့ သတင်းတွေထွက်နေသူဖြစ်ပါတယ်။

ရာသီကုန်ရင်ထွက်ခွာတော့မယ့် ဝါရင့်တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်ရဲ့ အလှည့်မှာလည်း ပရိသတ်တွေက ကျယ်လောင်စွာ အော်ဟစ်အားပေးခဲ့ကြပြီး နည်းပြကြီး ဆီမြွန်နီအလှည့်မှာလည်း တခဲနက်အားပေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း ချန်ပီယံလိဂ်ဒုတိယနှစ်ကြိမ်ရဖူးတဲ့ အက်သလက်တီကိုအသင်းဟာ ယူရိုပါလိဂ်ဖလားကိုတော့ သုံးကြိမ် ရရှိထားပါတယ်။

Ref; ESPN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags