လှူဒါန်းဆောက်လုပ်နေသော ဆင်းတုတော်များအနက် မုဒြာဟန်အချို့ ပြန်ပြုပြင်ပေးရန် သာသနာရေး လာရောက်စစ်ဆေး

လှူဒါန်းဆောက်လုပ်နေသော ဆင်းတုတော်များအနက် မုဒြာဟန်အချို့ ပြန်ပြုပြင်ပေးရန် သာသနာရေး လာရောက်စစ်ဆေး
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

မန္တလေး၊ မေလ ၁၈ ။           ။ အလှူရှင်တစ်ဦးတည်းက မတည်လှူဒါန်းဆောက်လုပ်နေသော မုဒြာဟန်အမျိုးမျိုး ဗုဒ္ဓရုပ်ပွားဆင်းတုတော်များ ထဲမှ အမြင်မတင့်သည့် မုဒြာဟန် ဗုဒ္ဓရုပ်ပွားတော်များ ပြန်လည်ပြုပြင်ပေးရန်ဟုဆိုကာ သာသနာရေးဦးစီးဌာန၊ သံဃာ့နာယကအဖွဲ့မှ မေလ ၁၇ ရက်က လာရောက်စစ်ဆေးမှုများ ပြုလုပ်သွားသည်ဟု သိရသည်။

မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊လမ်း ၃၀၊လမ်း ၆၀နှင့် ၆၂ လမ်းကြားရှိ ကမ္ဘာ့ဒုက္ကရစရိယာ ရုပ်ပွားတော် တည်ရှိရာ ဘုရားဝင်းအတွင်းတွင် တည်ထားကိုးကွယ်ထားသည့် ဆင်းတုတော်များဖြစ်သည်ဟု ၎င်းဘုရားများ ၏ အလှူရှင် ဦးလှဝင်းက မဇ္ဈိမကို ပြောသည်။

"သံဃာ့နာယက ဆရာတော်တွေနဲ့ သာသနာရေး၊ အုပ်ချုပ်ရေးအဖွဲ့က လာစစ်သွားတယ်။ အဘတို့က ဒီဘုရား တွေကို စိတ်ကူးယဉ်ပြီး လုပ်ခဲ့တာမဟုတ်ဘူး။ သာသနာရေးက တရားဝင်ထုတ်ထားတဲ့ မုဒြာပုံစံစာအုပ်ထဲ ရုပ်ပွားတော်ပုံတွေယူပြီး လုပ်ထားတာပါ။"ဟု ဦးလှဝင်းက ပြောသည်။

အများပြည်သူ လာရောက်ပူဇော်နိုင်ရန်အတွက် ဒုက္ကရစရိယာရုပ်ပွားတော်ကို ၂၀၁၀ခုနှစ်က စတင် တည်ထား ခဲ့ပြီး လက်ရှိတွင် မုဒြာပုံစံအမျိုးမျိုးဖြင့် ဘုရားဆင်းတုတော်ပေါင်း တစ်ရာကျော်ရှိနေပြီး ဖြစ်သည်။ လက်ရှိတွင် အောင်ခြင်းရှစ်ပါး ဇာတ်တော်ကို ဆက်လက်လုပ်ဆောင်နေသည်ဟု ဦးလှဝင်းကဆိုသည်။

"သူတို့ တရားဝင် စာထုတ်လာမဲ့အပေါ် မူတည်တယ်။ အဘတို့ပြင်နိုင်ရင် ပြင်မယ်။ မပြင်နိုင်ရင် ဒီသာသနာ ပြုနေတာကို ရပ်ထားရုံပဲ။ အခုဖြစ်တာ အဘ စိတ်မကောင်းဘူး"ဟု ဦးလှဝင်းကပြောသည်။

အဆိုပါဘုရားများကို သိန်းငါးထောင်ကျော် တစ်ဦးတည်း မတည်၍ လှူဒါန်းခဲ့သည်ဟု အလှူရှင် ဦးလှဝင်းက ဆိုသည်။

ထိုဘုရားများ ပြန်လည်ပြုပြင်ပေးရန်စစ်ဆေးခဲ့ခြင်းနှင့် ပတ်သက်၍ တိုင်းသာသနာရေးဦးစီးဌာနသို့ မဇ္ဈိမက သွားရောက်မေးမြန်းရာတွင် တာဝန်ရှိသူများမှာ မတ္တရာမြို့နယ်သို့ သွားရောက်နေခြင်းကြောင့်   တွေ့ခွင့်မရခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly