စစ်ပွဲများရပ်ရေး တောင်းဆိုခဲ့သူ ၂ ဦး အပြီးသတ်အမိန့် ချမှတ်မည်

စစ်ပွဲများရပ်ရေး တောင်းဆိုခဲ့သူ ၂ ဦး အပြီးသတ်အမိန့် ချမှတ်မည်

မန္တလေး မေ ၁၈ ။         ။ မန္တလေးမြို့တွင် မေလ ၆ ရက်နေ့က တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသည့် စစ်ပွဲများ ရပ်တန့်ပေးရေးနှင့် ပိတ်မိနေသော ဒေသခံများ လွှတ်ပေးရေးတောင်းဆိုခဲ့သည့် ကိုအောင်မှိုင်းဆန်းနှင့် ကိုဒိန်းဒေါင်တို့ကိုလာမည့် မေလ ၂၂ ရက်တွင် အပြီးသတ်အမိန့် ချမှတ်သွားမည်ဖြစ်ကြောင်း ချမ်းအေးသာစံမြို့နယ်တရာရုံးမှ သတင်းနှင့်ပြန်ကြားရေးအရာရှိက ပြောသည်။

အဆိုပါ ကိုအောင်မှိုင်းဆန်းနှင့် ကိုဒိန်းဒေါင်တို့နှစ်ဦးကို ချမ်းအေးသာစံမြို့နယ်တရာရုံးတွင်   ငြိမ်းချမ်းစွာစုဝေးလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၉ ဖြင့်တရားစွဲတင် စစ်ဆေးနေခြင်းဖြစ်သည်။

ယနေ့ ဒုတိယအကြိမ်အဖြစ်ရုံးထုတ်စစ်ဆေးရာတွင် တရားလိုနှင့်လိုပြသက်သေ ၄ ဦးကိုစစ်ဆေးခဲ့ပြီး လာမည့် ရုံးချိန်းတွင် အပြီးသတ် အမိန့်ချမှတ်သွားမည်ဖြစ်သည်။

"သူတို့ဘက်က ဘာမှမပြောဘူး။ဒီနေ့ တရားလိုနဲ့လိုပြသက်သေကို အပြီးစစ်တယ်။ လာမယ့်ရုံးချိန်းမှာ အမိန့်ချမယ်။"ဟု တရားရုံး သတင်းနှင့်ပြန်ကြားရေးအရာရှိကပြောသည်။

တရားလို ရဲမှူးသိန်းနိုင်က"ဥပဒေနဲ့အညီမလုပ်တဲ့အတွက် အရေးယူခံရတာပါ။"ဟု တရားခွင်မှ အထွက်တွင် ပြောသည်။

အမှုရင်ဆိုနေရသူကိုအောင်မှိုင်းဆန်းက"ကျွန်တော်တို့ အမှုစစ်ဆေးတာနဲ့ ပတ်သက်လို့တော့ ပြောစရာ မရှိပါဘူး။ ကျွန်တော်တို့ကလည်း တရားစီရင်ရေးမဏ္ဍိုင်နဲ့ပတ်သက်လို့ အယုံအကြည် မရှိဘူး။ အုပ်ချုပ်ရေး မဏ္ဍိုင်ရဲ့ အုပ်ချုပ်မှုအောက် ရောက်နေတယ်။အဓိက ကျွန်တော်ပြောချင်တာကတော့ လက်ရှိဖြစ်နေတဲ့ ဒီတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရော နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်ရောအပါအဝင် အစိုးရတစ်ဖွဲ့လုံးက တစ်ခုခုတော့ ပြောသင့်တယ်လို့ ယူဆတယ်။ အဲဒီလိုပြောဆိုဖို့ရာ ပျက်ကွက်တယ်လို့ ပြောချင်တယ်"ဟု ပြောသည်။

အလားတူ တောင်းဆိုခဲ့၍ အောင်မြေသာစံမြို့နယ်တရာရုံးတွင် ကိုသန်းထိုက်နှင့်ကိုနှင်းအောင်တို့ကိုလည်း ရုံးထုတ်စစ်ဆေးခဲ့ပြီး ၎င်းတို့ကိုလည်း မေလ ၂၅ရက်တွင် ထပ်မံရုံးထုတ်စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

၎င်းတို့နှင့်အတူ ငြိမ်းချမ်းရေးကဗျာ ရွတ်ဆိုခဲ့သူ ကဗျာဆရာ ကလင့်မှာ မေလ ၁၀ ရက်က ချမ်းအေးသာစံ မြို့နယ်တရားရုံးက ပုဒ်မ ၁၉ ဖြင့်ထောင်ဒဏ် နှစ်လ အမိန့်ချခဲ့ပြီးဖြစ်သည်။ ငြိမ်းချမ်းရေးအတွက် ဆန္ဒပြ တောင်းဆိုမှုများကြောင့် မေလ ၅ ရက်မှ ၁၅ ရက်အထိ အမှုဖွင့် တရားစွဲဆိုခံထားရသူ ၄၅ ဦး ရှိပြီး၊ အမှု အရေအတွက် ၁၄ ခုရှိကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly