ကချင် စစ်ဘေးရှောင်များ နေရပ်ပြန်ရန် စိုးရိမ်နေဆဲဖြစ်

ကချင် စစ်ဘေးရှောင်များ နေရပ်ပြန်ရန် စိုးရိမ်နေဆဲဖြစ်
ဓာတ်ပုံ - သူရ/ မဇ္ဈိမ

 

မေလ ၁၈ ။        ။ ကချင်ပြည်နယ်၊ နမ္မတီးမြို့တွင် ရက်သတ္တပတ် ၃ ပတ်ကျော်ကြာ ရောက်ရှိနေကြသည့်  ဒေသခံစစ်ဘေးရှောင် အများစုသည် နေရပ်ပြန်ရန် စိုးရိမ်ကြောင့်ကြဆဲ ဖြစ်ကြောင်း သိရသည်။

တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲများသည် အင်ဂျန်းယန်မြို့နယ်၊ တနိုင်းမြို့နယ်အနီးတစ်ဝိုက်တို့တွင် ဆက်တိုက်ဆိုသလို ဖြစ်ပွားနေသောကြောင့် နေရပ်ပြန်ရန် စိုးရိမ်နေကြကြောင်း ကဆုန့်ရွာမှ စစ်ရှောင်တစ်ဦး ဖြစ်သူ အလယ်တန်းပြဆရာမ ဒေါ်ထုစံက ပြောသည်။

“ သေနတ်သံတွေဘာတွေနဲ့ဆိုတော့ ကျွန်မတို့က မပြန်ရဲဘူး။ အားလုံးနီးပါးကတော့။ အားလုံးကတော့ မပြန်ရဲကြဘူးပေါ့။ ဘာပဲဖြစ်ဖြစ်ကိုယ့်ဌာနေ ကိုယ့်ရဲ့ ကျွဲတွေ၊ နွားတွေ ၊ ကိုယ့်ရဲဲ့လယ်တွေ ကိုယ့်အိမ်တွေပစ် ထားခဲ့ရတော့ အားလုံးကလည်း မပြန်ချင်ဘဲဘယ်နေမလဲပေါ့။ အဲ့ဒါကြောင့် ကျွန်မတို့က မပြန်ရဲဘူးပေါ့။ ပြန်တော့ပြန်ချင်တယ်။ မပြန်ရဲတဲ့အပိုင်းမှာ ရှိတယ်။ အားလုံးငြိမ်းချမ်းရေးရမှပဲ အဲ့အခါကိုမျှော်နေတယ်”ဟု အလယ်တန်းပြဆရာမ ဒေါ်ထုစံက ပြောသည်။

နမ္မတီးမြို့ရှိ စစ်ရှောင်စခန်း ၄ ခုတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိနေကြပြီး အင်ဂျန်းယန်မြို့နယ်အတွင်းရှိ ကဆုန့်ကျေးရွာမှ အများဆုံး စစ်ရှောင်ရောက်ရှိနေကြခြင်း ဖြစ်သည်။

စစ်ရှောင်ရောက်ရှိလာသူအများစုတွင် အမျိုးသမီး၊ ကလေး၊ သက်ကြီးရွယ်အိုများနှင့် နာမကျန်းရှိသူများလည်း ရှိနေသည်။

လက်ရှိတွင် တပ်မတော်နှင့် KIA တို့အကြား အင်ဂျန်းယန်၊ တနိုင်းတဝိုက်တွင် တိုက်ပွဲကြီးကြီးမားမား မရှိတော့ သော်လည်း ဖားကန့်ဒေသတစ်ဝိုက်တွင်ရှိသည့် ရွာအချို့တွင်တိုက်ပွဲများထပ်မံဖြစ်ပွားနေကြောင်း မြောက်ပိုင်း မဟာမိတ်အဖွဲ့က မေလ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။

စစ်ရှောင်အများစုသည် ဘုရားကျောင်းများတွင် အများဆုံး ခိုလှုံနေကြရပြီး အချိန်ကြာလာပါက ကျန်းမားရေး၊ စားဝတ်နေရေး ခက်ခဲလာနိုင်မည်ဟု စစ်ရှောင်စခန်းတာဝန်ရှိသူများက ပြောသည်။

“ ရေရှည်ကတော့ ဒီမှာ ဒီအတိုင်း လက်ခံနိုင်ဖို့ ဒီလောက်လူနဲ့တော့ မလွယ်လောက်ဘူး။ ကျန်းမာရေးကအစ နေရေးထိုင်ရေး အခု မိုးတွင်းလည်း ရောက်လာတော့မှာ တော်တော့်ကိုမလွယ်တဲ့ စိတ်ညစ်စရာကောင်းတဲ့ စိတ်ညစ်စရာအကောင်းဆုံးပေါ့။ သင့်တော်တဲ့ တစ်နေရာရာမှာပြောင်းရွေ့ ပြီးတော့မှ နေရာအတည်တကျနဲ့ ကောင်းကောင်းမွန်မွန်ထားနိုင်မှအဆင်ပြေမယ်။ ဒီတိုင်းဆိုရင်တော့မလွယ်တော့ဘူး။ ကျန်းမာရေးကအစပေါ့။ အကုန်လုံးနေရေးထိုင်ရေး အကုန်လုံးစားသောက်ရေးကအစ ရေရှည်မှာ သိပ်မလွယ်ဘူး” ဟု  နမ္မတီး IDP စခန်းအတွင်းရေးမှူး ဦးလှကြာက ပြောသည်။

တပ်မတော်နှင့် KIA တို့သည် ကချင်ပြည်နယ်အတွင်း ဧပြီလ ၂၀ ရက်ခန့်မှ စတင်ပြီး တိုက်ပွဲများ တစ်ကျော့ပြန် ဖြစ်ပွားခဲ့ရာ မေလ ၁၈ ရက်နေ့အချိန်ထိ ၁ လခန့် ကြာမြင့်နေပြီ ဖြစ်သည်။ အဆိုပါ တိုက်ပွဲများကြောင့် ကချင် ပြည်နယ်တစ်ခုလုံးတွင် စစ်ရှောင်သူဦးရေ ၄၀၀၀ ကျော်ခန့်ရှိလာနေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly