မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများစာရင်းမှ လွတ်မြောက်ရန် စံနှုန်း၃ ခုကို ပထမဆုံးအကြိမ် ပြည့်မီ

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများစာရင်းမှ လွတ်မြောက်ရန် စံနှုန်း၃ ခုကို ပထမဆုံးအကြိမ် ပြည့်မီ

 

မေလ ၁၈ ။           ။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDC) အဆင့်မှလွတ်မြောက်ရန် သတ်မှတ်ထားသည့်စံနှုန်း ၃ ခု လုံးနှင့် ၁၉၈၇ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ပြည့်မီလာကြောင်း ကုလသမဂ္ဂ၊ ဖွံ့ဖြိုးတိုးတက်မှု မူဝါဒ ဆိုင်ရာ ကော်မတီ (CDP) ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ဧပြီလ ၁၉ ရက်က နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီ (UN ECOSOC) ၊ ဖွံ့ဖြိုးတိုးတက်မှု မူဝါဒဆိုင်ရာကော်မတီ (CDP) ၏ ၂၀၁၈ ခုနှစ်၊ မတ်လ အစည်းအဝေး အစီရင်ခံ စာတွင် ဖော်ပြထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် ၁၉၈၇ ခုနှစ်တွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ စာရင်းဝင် ဖြစ်သွားခဲ့ပြီးနောက်ပိုင်း လွတ်မြောက် ရေးဆိုင်ရာစံနှုန်း ၃ ခုလုံးနှင့် ပထမဆုံးအကြိမ် ပြည့်မီခဲ့ခြင်း ဖြစ်သည်။

ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDC) အဆင့်မှ လွတ်မြောက်ရေးစံနှုန်းများအဖြစ် တစ်ဦးချင်းဝင်ငွေ (Gross National Income - GNI) အမေရိကန်ဒေါ်လာ ၁,၂၃၀ ထက် ကျော်လွန်ရန် ၊ လူသားအရင်းအနှီးညွှန်းကိန်း (Human Access Index - HAI) ၆၆ နှင့် အထက်ရှိရန်နှင့် စီးပွားရေး ထိခိုက်နစ်နာလွယ်မှုဆိုင်ရာ ညွှန်းကိန်း (Economic Vulnerability Index -EVI) ၃၂ နှင့် အောက် ရှိရန် လိုအပ်ကြောင်း သတ်မှတ်ထားသည်။

၂၀၁၈ ခုနှစ်အတွက် ပြုလုပ်ခဲ့သည့် သုံးနှစ်တစ်ကြိမ် လေ့လာသုံးသပ်မှုတွင် မြန်မာနိုင်ငံသည် GNI အမေရိကန် ဒေါ်လာ ၁,၂၅၅၊ HAI ၆၈.၅ နှင့် EVI ၃၁.၇ ရရှိခဲ့သဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအဆင့်မှ လွတ်မြောက်ရေး ဆိုင်ရာ သတ်မှတ်စံနှုန်း ၃ ခုလုံးနှင့် ပြည့်မီသွားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် လာမည့် ၂၀၂၁ ခုနှစ် သုံးနှစ်တစ်ကြိမ်လေ့လာသုံးသပ်မှုတွင် ယင်းကဲ့သို့ အနည်းဆုံး စံနှုန်း၂ ခုနှင့် ဆက်လက်ပြည့်မီပါက နောက်ပိုင်းနှစ်များတွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများစာရင်းမှ လွတ်မြောက် မည့် လမ်းစပွင့်သွားမည် ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံ၏ GPD ( ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး)သည် ၆.၄ ရာခိုင်နှုန်းရှိပြီး စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ငန်း၊ ၀န်ဆောင်မှုကဏ္ဍများ တိုးတက်လာသောကြောင့် ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထား သည်။

လာမည့် ၂၀၁၈- ၁၉ ဘဏ္ဍာနှစ်တွင် GDP တန်ဖိုး ၆.၇ ရာခိုင်နှုန်းသို့ရောက်ရှိရန် မြန်မာနိုင်ငံမှ မျှော်မှန်းထားပြီး ငွေကြေးဖောင်းပွနှုန်း ကျဆင်းသွားနိုင်ရန် ခန့်မှန်းရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly