ပါလက်စတိုင်းဖက်က ရပ်တည်ကာ ဖိလစ်ပိုင်တွင် အစ္စရေးနှင့် အမေရိကန်အလံပုံစံများကို မီးရှို့ကာ ဆန္ဒပြ

ပါလက်စတိုင်းဖက်က ရပ်တည်ကာ ဖိလစ်ပိုင်တွင် အစ္စရေးနှင့် အမေရိကန်အလံပုံစံများကို မီးရှို့ကာ ဆန္ဒပြ

မနီလာ၊ မေ ၁၇ ။          ။ ဂါဇာနယ်စပ်တွင် ပါလက်စတိုင်းဆန္ဒပြသူ ဒါဇင်များစွာကို အစ္စရေးစစ်တပ်က ပစ်သတ်မှု ဖြစ်ပွားပြီးနောက် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်ရှိ အမေရိကန်သံရုံးရှေ့တွင် မေ ၁၇ ရက်က ပါလက်စတိုင်းဖက်က ရပ်တည်သော ဆန္ဒပြသူများသည် ပုံစံတုပြုလုပ်ထားသည့် အစ္စရေးနှင့် အမေရိကန်တို့၏ အလံပုံစံများကို မီးရှို့ဆန္ဒပြကြသည်။

တဲလ်အဗစ်ရှိ အမေရိကန်သံရုံးကို ဂျေရုဆလင်သို့ ပြောင်းရွှေ့ဖွင့်လှစ်စဉ် အစ္စရေးနှင့် နယ်စပ် ဂါဇာကမ်းမြောင်တွင် မေ ၁၄ ရက်က စုရုံးဆန္ဒပြမှုများ ဖြစ်ပွားရာတွင် အစ္စရေးတပ်ဖွဲ့ဝင်များ၏ လက်ချက်ဖြင့် ပါလက်စတိုင်း ၆၀ သေဆုံးခြင်းကြောင့် တက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံတကာသံတမန်အသိုင်းအဝန်းတို့က စိတ်ဆိုးအမျက်ကို ဖော်ပြခဲ့သည်။

မနီလာက ဆန္ဒပြသူ ၃၀ နီးပါးသည် အစ္စရေးနှင့် အမေရိကန် အလံပုံစံတုများကို မီးရှို့ကြသကဲ့သို့ “ပါလက်စတိုင်းပြည်သူတွေကို စစ်ဆင်နေခြင်းကို အမေရိကန်နဲ့ အစ္စရေး ရပ်ပါ။”ဆိုသော စာတမ်းများကိုလည်း ကိုင်ဆောင်ထားကြသည်။

အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့က စောင့်ကြည့်လျက်ရှိနေသည့် ၎င်းဆန္ဒပြသူများသည် အစ္စရေးအစိုးရ၏ လုပ်ရပ်များက တရားမျှတမှုမရှိ၊ အစ္စရေးထံမှ မြေပြန်ရရေး ပါလက်စတိုင်းတို့ကို ထောက်ခံသည်၊ ကမ္ဘာ့နံပါတ် တစ် အကြမ်းဖက်ဝါဒီ အမေရိကန် နယ်ချဲ့ဝါဒ စသော ကြွေးကြော်သံများကိုလည်း ဟစ်အော်ကြသည်။

ယခုဆန္ဒပြမှုများကို လူနည်းစု မော်ရိုတိုင်းရင်းသားများ စီစဉ်ပြုလုပ်ခြင်းဖြစ်သည်။

“ကျွန်တော်တို့ဟာ ဖိလစ်ပိုင်နို်င်ငံက လူနည်းစုနို်င်ငံသားတွေပါ။ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်အတွက် ရုန်းကန်နေရတဲ့ ပါလက်စတိုင်းပြည်သူတွေနဲ့အတူ တစ်သားတည်း ရှိကြောင်းကို ပြသတာပါ။”ဟု မော်ရိုလှုပ်ရှားမှုအဖွဲ့ ပူးတွဲဥက္ကဌဖြစ်သူ ဂျာရိုမီအဘာက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly