အလုပ် အလွန်အကျွံလုပ်ရ၍ဟု ဆိုကာ ဂျပန်ဘုန်းတော်ကြီးတစ်ပါးက ဘုရားကျောင်းတော်ကို တရားစွဲ

အလုပ် အလွန်အကျွံလုပ်ရ၍ဟု ဆိုကာ ဂျပန်ဘုန်းတော်ကြီးတစ်ပါးက ဘုရားကျောင်းတော်ကို တရားစွဲ

မေ ၁၇ ။         ။ ဘုန်းတော်ကြီးတစ်ပါးက ၎င်းဝေယျာဝစ္ဆလုပ်ကိုင်ပေးနေရသည့် ဘုရားကျောင်းတော်ကို တရားစွဲဆိုလိုက်သည့် ဖြစ်စဉ်တစ်ခု ဂျပန်နိုင်ငံမှာ ပေါ်ပေါက်ခဲ့သည်ဟု သိရသည်။

အဆိုပါ ဘုရားကျောင်းတော်သို့ လာရောက်ဖူးမြှော်ကြသည့် ဘုရားဖူးဧည့်သည်များကို နေ့စဉ်ရက်ဆက် အလျင်မီအောင် ဧည့်ခံ တာဝန်ယူ ဖြည့်ဆည်းရသည့်အတွက် ၎င်းဘုန်းတော်ကြီးမှာ အလုပ်ပိသည့် ဒဏ်ခံစားခဲ့ရပြီး တစ်ဆက်တည်းမှာလည်း အလုပ်ဒဏ်ကြောင့် စိတ်ဓာတ်ကျဆင်းမှုပါ ဖြစ်ခဲ့ရကြောင်း ၎င်း၏ ရှေ့နေက ပြောသည်။

သက်တော် ၄၀ ခန့် ရှိပြီ ဖြစ်သည့် အဆိုပါ ဂျပန်ဘုန်းတော်ကြီးက ယခုကဲ့သို့ တရားစွဲဆိုရာတွင် ၎င်း၏ ဘုရားကျောင်းတော်ထံမှ နစ်နာကြေး  ယန်း  ၈ ဒသမ ၆ သန်း (ကန်ဒေါ်လာ ရ၈,၀၀၀) မျှ ရယူလိုနေလျက်ရှိကြောင်း သိရသည်။

တရားစွဲဆိုခံရသည့် ဘုရားကျောင်းတော်မှာ Koyasan ဟု လူသိများသော ကမ္ဘာ့ရှေ့ဟောင်းအမွေအနှစ်ဆိုဒ်တစ်ခုဖြစ်သည့် Mount Koya တောင်ပေါ်တွင် တည်ရှိသည့် ကျောင်းတော်တစ်ခုဖြစ်သည်။

တရားလိုဖြစ်သူ ဘုန်းကြီးမှာ ယင်း ဘုရားကျောင်းတော်တွင် လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်ကတည်းက ဘုရားကျောင်း ဝေယျဝစ္ဆအလုပ်တာဝန်များကို နားရက်မရှိ စတင်လုပ်ကိုင်နေခဲ့သူ ဖြစ်ကာ ပြီးခဲ့သည့် ၂၀၁၅ အရောက်တွင် အလုပ်ဒဏ်ပိ၍ စိတ်ကျဝေဒနာ စတင်ခံစားလာရကြောင်း ရှေ့နေဖြစ်သူ နိုရီတာကီ ရှီရာကူရာက ပြောသည်။

" တကယ်လို့ ခင်ဗျားတို့လည်း ဘုန်းကြီးတစ်ပါးလို အလုပ်လုပ်ကြည့်ဆိုရင် တစ်ခါတစ်ခါ အလုပ်ချိန်နာရီ အကန့်အသတ်မရှိတဲ့ အခြေအနေမျိုးမှာ အလွန်အကျွံ အလုပ်လုပ်ရတာမျိုး ကြံုရမှာဖြစ်ပါတယ်" ဆိုပြီး ၎င်းက အေအက်ဖ်ပီကို ရှင်းပြသွားသည်။

ယခုကဲ့သို့ ဘုရားကျောင်းတော်ကို တရားစွဲဆိုသည့် ၎င်း၏ အမှုသည် ဘုန်းတော်ကြီး၏ ဘွဲ့အမည်နာမကို ရှေ့နေဖြစ်သူ ရှီရာကူရာက ထုတ်ဖော်ပြောရန် ငြင်းဆန်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags