မြန်မာ -အိန္ဒိယ နယ်စပ်က မူးယစ်ဆေးဝါး ပြဿနာကို နှစ်နိုင်ငံ ပူးပေါင်း နှိမ်နင်းရန် အရပ်ဘက်အဖွဲ့များ တိုက်တွန်း

မြန်မာ -အိန္ဒိယ နယ်စပ်က မူးယစ်ဆေးဝါး ပြဿနာကို နှစ်နိုင်ငံ ပူးပေါင်း နှိမ်နင်းရန် အရပ်ဘက်အဖွဲ့များ တိုက်တွန်း

 

မေ ၁၇၊ တမူး ။         ။  မြန်မာ - အိန္ဒိယ နယ်စပ်တလျောက်နှင့် တမူးခရိုင်အတွင်းက မူးယစ်ဆေးဝါး ပြဿနာများကို နှစ်နိုင်ငံ ပူးပေါင်း၍ နှိမ်နင်းသင့်ကြောင်း တမူးမြို့ အရပ်ဖက်အဖွဲ့အစည်းများက တိုက်တွန်းထားသည်။

အိန္ဒိယနိုင်ငံနယ်စပ်၌ ရာမဆေးပြား၊ ဘိန်းဖြူ၊ဘိန်းမဲ စသည့် မူးယစ်ဆေးမျိုးစုံကို လွယ်ကူစွာ ဝယ်ယူနိုင်သောကြောင့် မြန်မာနိုင်ငံဘက်မှ လူများအပြားသည် အိန္ဒိယနိုင်ငံနယ်စပ်သို့ ဝင်၍ နေ့စဉ် မူယစ်းဆေးဝင်ရောက်သုံးစွဲနေကြသည်။

''နယ်စပ်ဆိုတာတော့ ထုံးစံအတိုင်း မူးယစ်ဆေးဝါးတော့ ပေါမှာပဲ။ ဟိုဘက်နိုင်ငံနဲ့ ဒီဘက်နိုင်ငံ အစိုးရချင်း ပူးပေါင်းပြီး လုပ်မှရမယ် ။ အဲ့ဒါမှလည်း အမြစ်ပြတ်မယ်။ မြန်မာနိုင်ငံ တစ်ဖက်ထဲကပဲ လုပ်နေလို့ မရဘူး ။ တမူးခရိုင်အတွင်းမှာ အရင်ကထက် မူယစ်ဆေးသုံးတဲ့ လူငယ်တွေတော်တော်များလာတယ်။ ဒါက တစ်ဖက်နိုင်ငံရဲ့ တရားဥပဒေ စိုးမိုးမှုလျော့နည်းတာကြောင့်လည်းပါမယ်။ ဘာကြောင့်လဲဆိုတော့ ဒီဘက်နိုင်ငံက ဘယ်လောက်ကြပ်ကြပ် သူတို့တွေက ဟိုဘက်နိုင်ငံမှာသုံး ပြီးတော့မှ ဒီဘက်နိုင်ငံကို ပြန်လာဆိုတော့ ဘယ်လိုမှ အရေးယူလိုမရဘူး။ အဲ့တာတွေကို နည်းလမ်းရှာ အဖြေရှာမှာပေါ့ " ဟု တမူးလူငယ်ကွန်ယက်အဖွဲ့မှ ကိုအောင်သူချမ်းမှ မဇ္ဇျိမသို့ ပြောသည်။

မြန်မာ - အိန္ဒိယနယ်စပ်၌  ခြံစည်းရိုးကားရံထားချင်းများ မရှိသည့်အတွက် တစ်ဖက်နိုင်ငံသို့ လွယ်ကူစွာသွားလာနိုင်ပြီး မူးယစ်ဆေးဝါး ပြုလုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်းများသည် အိန္ဒိယနယ်စပ်မှ မြန်မာနိုင်ငံသို့ ဝင်ရောက်၍ မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးများသည် အိန္ဒိယနိုင်ငံ သို့ ပြန်လည်ဝင်ရောက်ကြောင်း သိရသည်။

မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်တွင်  ၂၀၁၇ ခုနှစ် ဩဂုတ်လမှ ဒီဇင်ဘာလအထိ မူယစ်အမှု (၆၁) မှု၊ ၂၀၁၈ ဇန်နဝါရီလမှ မတ်လ အထိ (၂၅) ရှိပြီး ဖမ်းဆီးရမိသည့် တရားခံများတွင် အိန္ဒိယနိုင်ငံသားများလည်း ပါဝင်နေသည်။

"တချို့ဆေးသမားတွေဆိုရင် ဆေးပြားလေး တစ်ပြားရဖို့အတွက်နဲ့ အိန္ဒိယနိုင်ငံဘက်က စစ်သားတွေရဲ့ အရိုက်ခံ၊ သေနတ်နဲ့ အပစ်ခံပြီးတော့ကို တစ်ဖက်နိုင်ငံကို သွားကြတယ်။ ဒါတွေကို တစ်ဖက်နိုင်ငံကလည်း အမျိုးသားရေးအမြင်နဲ့ ပူးပေါင်းဆောင်ရွက်ပေးမှရမယ်။ ဟိုဘက်က မူးဆေးဝါးရောင်းတဲ့ သူတွေကလည်း သူတို့လူမျိူး အချင်ချင်းဆို မရောင်းဘူး။ မြန်မာလူမျိုးတွေကိုပဲရောင်းတယ် "ဟု  ဘာသာပေါင်းစုံ ဖွဲ့စည်းထားသော တမူးခရိုင် အမျိုးသမီးများ အပေါ်အကြမ်းဖက်မှုပပျောက်ရေး ကော်မတီအဖွဲ့ဝင် မအိတုံက မဇ္ဇျိမသို့ ပြောသည်။

မေလ ၅ ရက်က တမူးမြို့ ဧပရယ်မွန်ခန်းမတွင် တမူးမြို့ အရပ်ဖက်အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် လွှတ်တော်ကိုယ်စလှယ်များ တွေ့ဆုံ၍ မူးယစ်ဆေးပပျောက်ရေးအတွက် တွေ့ဆုံးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။ မူးယစ်ဆေးဝါး ပပျောက်ရေးနှင့် ပက်သက်၍ တမူးမြို့ပေါ်တွင် လူထုဆန္ဒထုတ်ဖော်ပွဲများလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly