အဝေးပြေးကွင်းများ၌ ကောက်ခံနေသော ကားဝင်ကြေးများကို စည်ပင်သာယာရေးကော်မတီမှ တင်ဒါစနစ်ဖြင့် ခွင့်ပြုထား

အဝေးပြေးကွင်းများ၌ ကောက်ခံနေသော ကားဝင်ကြေးများကို စည်ပင်သာယာရေးကော်မတီမှ တင်ဒါစနစ်ဖြင့် ခွင့်ပြုထား

 

ရန်ကုန် ၊ မေ ၁၇ ။         ။ ရန်ကုန်တိုင်းအတွင်းရှိ အောင်မင်္ဂလာအဝေးပြေးကွင်းနဲ့ ဒဂုံဧရာအဝေးပြေးကွင်းတို့မှာ ကောက်ယူနေသည့် ကားဝင်ကြေးများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တင်ဒါစနစ်ဖြင့် ခွင့်ပြုပေးထားခြင်းဖြစ်သည်ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ဆိုသည်။

"ဂိတ်ကြေးကရတဲ့ငွေတွေ အကုန်လုံးကို အစိုးရကို အပ်ရပါတယ်။ ပြင်ဆင်စရိတ်ကို အစိုးရက ချပေးတာပြန်သုံးပါတယ်။ အရပ်သားလိုမျိုး အိတ်ထဲဝင်သွားပြီးတော့ အိတ်ထဲက ပြန်စိုက်သုံးလို့ မရတဲ့သဘောဖြစ်ပါတယ်။ ဒါကြောင့် ၀င်ငွေ အကုန်လုံးကို အစိုးရကို အပ်ရပါတယ်" ဟု ရန်ကုန်မြို့တော်ဝန်လည်းဖြစ် စည်ပင်သာယာရေးဝန်ကြီးလည်းဖြစ်သူ ဦးမောင်မောင်စိုးက လွှတ်တော်၌ ဖြေဆိုခဲ့သည်။

"ရန်ကုန်တိုင်းအတွင်းရှိ အဝေးပြေားကားဝင်း နှစ်ခုဖြစ်သော အောင်မင်္ဂလာအဝေးပြေးကွင်းနှင့် ဒဂုံဧရာ အဝေးပြေးကွင်း တို့တွင် ကောက်ခံနေသော ကားဝင်ကြေးများကို မည်ကဲ့သို့ဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း" မေးခွန်းကို ယနေ့ ကျင်းပသည့် ရန်ကုန်တိုင်းလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၂၉) ရက်မြောက်နေ့တွင် ကျောက်တံတား မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက မေးမြန်းခဲ့ခြင်းဖြစ်သည်။

"၂၀၁၇-၁၈ ခုနှစ်မှာ တင်ဒါအောင်မြင်ခဲ့တာ ဘယ်လောက်ရလဲဆိုရင် အောင်မင်္ဂလာအဝေးပြေးကွင်းက သိန်းပေါင်း ၁၇၈၀၀ ရပြီးတော့ ဒဂုံဧရာက သိန်းပေါင်း ၃၃၈၀၀ အထိ အောင်မြင်ခဲ့ပါတယ်။ ဒါတွေကို အစိုးရ ရငွေအဖြစ် ကျွန်တော်တို့ကို ပေးပါတယ်" ဟု မြို့တော်ဝန်ဦးမောင်မောင်စိုးက ဆိုသည်။

အဆိုပါ ယာဉ်ရပ်နားစခန်းများကို ၂၀၀၄-၀၅  ဘဏ္ဍာရေးနှစ်မှ ၂၀၀၆-၀၇ ဘဏ္ဍာနှစ်အထိ လေလံစနစ်ပုံစံမျိုး ချထားပေးပြီး ၂၀၀၇-၀၈ မှ ၂၀၁၂ အထိကို ညှိနှိုင်းသဘောမျိုး ပုံစံ ပြုလုပ်ခဲ့ကြောင်း ၊ ၂၀၁၂-၁၃ မှ ၂၀၁၅-၁၆ အထိကို BOT စနစ်ဖြင့် ချထားပေးခဲ့ကာ ၂၀၁၆-၁၇မှ စတင်ပြီး တင်ဒါစနစ်ဖြင့် ပြောင်းလဲကျင့်သုံးခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly