၀ါကျဖွဲ့နည်းအကြောင်း ကျနော် ဆွေးနွေးခဲ့တာရှိပါတယ်။ ၀ါကျဖွဲ့နည်း ၁၁ မျိုးရှိတယ်လို့ ခွဲခြမ်းစိတ်ဖြာပေးထားတဲ့ ဆရာကြီးဦးဖေမောင်တင်ရဲ့အဆိုအပေါ်၊ ဆရာကြီး မောင်ခင်မင်(ဓနုဖြူ)ရဲ့ အမြင်တွေအပေါ်မှာမူတည်ပြီးမှ ဆက်လက်ဆွေးနွေးသွားမယ့်အကြောင်းလည်း စကားပလ္လင်ခံထားခဲ့ပြီးလည်းဖြစ်ပါတယ်။
ယခင်အပါတ်က ကျနော်တို့ ၀ါကျဖွဲ့နည်း ၁၁ မျိုးအနက်က ကြိယာတစ်ခုသာရှိတဲ့ ၀ါကျအကြောင်းပြောခဲ့ပါတယ်။ ဥပမာအားဖြင့် “ မအေး ငိုသည် ”ဆိုတဲ့ ၀ါကျကိုပြောခဲ့ပါတယ်။ “မအေး”ဆိုတဲ့ ကတ္တားနဲ့ “ငိုသည်”ဆိုတဲ့ ကြိယာပုဒ်သာပါတဲ့ဝါကျကို ဥပမာပေးခဲ့ပါတယ်။ အင်မတန် ရိုးရှင်းပြီး မှတ်သားရလွယ်ပါတယ်။ အဓိပ္ပါယ်လည်းပြည့်စုံတာ တွေ့ရပါလိမ့်မယ်။
ကဲ ဒီကနေ့ ၀ါကျဖွဲ့နည်း ကျန် ၁၀ မျိုးကို ဆက်သွားကြရအောင်ပါ။
၀ါကျဖွဲ့နည်း ၂ ပဲဆိုပါတော့။ ဒီမှာတော့ ဥပမာဝါကျတစ်ခု ကျနော်ပြောပါ့မယ်။
“ ဤကား ကြက်ဖ ဖြစ်သည်။”
ဒီဝါကျမှာ ကတ္တားဖြစ်တဲ့ ကြက်ဖကို “ဤကား”ဟူသောစကားစုနဲ့ဖြည့်ထားတာတွေ့ကြရမှာပါ။ ဒါကြောင့်မို့ အဖြည့်ကတ္တား ၀ါကျဖွဲ့နည်းလို့ ခေါ်ပါတယ်။
ဥပမာ နှစ်ခုလောက် ရေးပြပါ့မယ်။ ကိုယ့်ဖါသာကိုယ်လည်း အသစ်ရေးကြည့်စေချင်ပါတယ်။
ထိုသူ မောင်မဲဖြစ်သည်။
သူကား မိန်းကလေးဖြစ်သည်။
ကဲ ဒါကတော့ ကတ္တားကို ဖြည့်တဲ့စကားစုပါနေတာမို့ “အဖြည့်ကတ္တား ”၀ါကျဖွဲ့နည်းလို့ခေါ်ပါတယ်။
နောက်ထပ် ၀ါကျဖွဲ့နည်း ၃။ “မောင်နီသည် မအေးကို ကြည့်သည်”။ ဒီဝါကျမှာကြတော့ “မအေးကို” ဆိုတဲ့ “ကံပုဒ်”ကို ကတ္တားနဲ့ ကြိယာကြား ထည့်ထားတာတွေ့ကြရပါလိမ့်မယ်။ မအေးကို ဆိုသည်မှာ ကံပုဒ်ဖြစ်ပါတယ်။ ပြုလုပ်ခြင်းခံရသူ ကံပုဒ်ဖြစ်ပါတယ်။
ဒါလည်း တကယ်မှတ်သားမယ်ဆိုရင် လွယ်ပါတယ်။ ဥပမာ နှစ်ခုပေးလိုက်ပါတယ်။
မောင်လှသည် ကားကို မောင်း၏။
မနီသည် ပန်းကို ပန်သည်။
ကဲ နောက်ထပ် ၀ါကျဖွဲ့နည်း ၄ ကိုသွားကြရအောင်ပါ။ “အနော်ရထာမင်းသည် ကျန်စစ်သားအား အိမ်ရှေ့စံပေး၏”။ ဒါ၀ါကျမှာ “ကျန်စစ်သားအား” ဆိုတဲ့စကားစုဟာ အဖြည့်ကံပါပဲ။ ကံကို ဖြည့်တဲ့ စကားစုပါပဲ။ ဒါကြောင့်မို့ အဖြည့်ကံ ၀ါကျဖွဲ့နည်းလို့ သုံးလို့ရပါတယ်။ ဥပမာ နှစ်ခု ပေးလိုက်ပါတယ်။
လွတ်တော်ကြီးသည် ဦးခိုင်အား သမ္မတခန့်လိုက်၏။
မိသားတစ်စုလုံးသည် မောင်မြအား ငွေချေးကြ၏။
ကဲ နောက်ထပ် ၀ါကျဖွဲ့နည်း ၅ ကိုသွားရပါဦးမယ်။
“တရားသူကြီးသည် ငါ့အား စစ်မေး၏”။ ဒီဝါကျကိုကြတော့ လက်ခံရာပုဒ် ၀ါကျဖွဲ့နည်းပါ။ ငါ့အား ဆိုတဲ့ပုဒ်ဟာ လက်ခံရာပုဒ်ဖြစ်ပါတယ်။ အပေါ်က ၀ါကျဖွဲ့နည်း ၄ မှာပါတဲ့ အဖြည့်ခံပုဒ်နဲ့ မှားတတ်ပါတယ်။ သတိပြုရပါမယ်။ လက်ခံရပုဒ် ၀ါကျဖွဲ့နည်းပါပဲ။ ဒီမှာလည်း ဥပမာ နှစ်ခုပေးလိုက်ပါမယ်။
ဖခင်သည် သားအား ကားဝယ်ပေး၏။
မနှင်းဆီသည် ကိုညိုအား သရက်သီးပေး၏။
ကဲ အခုဆိုရင် ၀ါကျဖွဲ့နည်း ငါးမျိုးအထိ ရှိလာခဲ့ပါပြီ။ နောက်ထပ် ၀ါကျဖွဲ့နည်း ၆ ကို ဆက်သွားရပါဦးမယ်။
“မချစ်ကို ဇနီးအဖြစ်မှ စွန့်လွှတ်၏”။ ဒါကတော့ ထွက်ခွာရာပုဒ်ပါရှိတဲ့ ၀ါကျဖွဲ့နည်းပါ။ “ဇနီးအဖြစ်မှ” ဆိုတဲ့စကားစုဟာ ထွက်ခွာရာပြပုဒ်ပါပဲ။
ဒီနေရာမှာ ကျနော်တို့သတိပြုရမယ့်အချက်က “ကို” တွေ၊ “အား” တွေ၊ “မှ” တွေဖြစ်တဲ့ ပုဒ်ဆက်စကားလုံးတွေကို ဂရုတစိုက်လေ့လာမှတ်သားထားမယ်ဆိုရင် ၀ါကျဖွဲ့နည်းတွေကို အလွယ်တကူမှတ်သားရေးသားနို်င်မှာ အသေအချာပါပဲ။ ဒါကို သတိပြုကြရမှာပါ။
နောက်ထပ် ၀ါကျဖွဲ့နည်း ရ ကိုသွားကြရအောင်ပါ။ ဒီတခါကြတော့ “ရှေ့ရှုရာပြပုဒ်”ပါတဲ့ ၀ါကျရေးနည်းပါ။ ဥပမာ “မောင်လှသည် ဇာတိမြေသို့ ပြန်လေ၏” ဆိုတဲ့ ၀ါကျဆိုပါစို့။ ဒီဝါကျမှာ “ဇာတိမြေသို့” စကားစုဟာ ရှေ့ရှုရာပြပုဒ်ပါပဲ။
နောက်ထပ်ဝါကျဖွဲ့နည်း ၈ ကတော့ “နေရာပြပုဒ်ပါရှိတဲ့ ၀ါကျဖွဲ့နည်း”ပါပဲ။ ဥပမာ “ပြာသိုလတွင် အေး၏” ဆိုတဲ့ဝါကျဆိုပါစို့။ “ပြာသိုလတွင်” စကားစုဟာ နေရာပြပုဒ်ပါပဲ။ အေးတဲ့လ ရှိတယ်။ ဘယ်လမှာလဲ။ ပြာသိုလတွင် လို့ဆိုတဲ့အတွက် ဒါဟာနေရာပြပုဒ်ပါပဲ။ နေရာပြပုဒ်ပါတဲ့ ၀ါကျရေးနည်းပါပဲ။
နောက်ထပ် ၀ါကျဖွဲ့နည်း ၉ ကိုသွားကြပါမယ်။ “ဒီဇင်ဘာလ၌ သဇင်ပန်းပွင့်၏”။ ဒီဝါကျမှာ သဇင်ပန်းပွင့်တဲ့အချိန်ကာလကိုပြတဲ့ “ဒီဇင်ဘာလတွင်” ဆိုတာပါရှိတာမို့ ဒီဝါကျကို “အချိန်ပြပုဒ်ပါရှိတဲ့ ၀ါကျ”လို့ ခေါ်ပါတယ်။ အချိန်ပြပုဒ် ၀ါကျဖွဲ့နည်းပါပဲ။
ကဲ နောက်ထပ်ဝါကျဖွဲ့နည်းကို သွားပါမယ်။ ၀ါကျဖွဲ့နည်း ၁၀ ဖြစ်ပါတယ်။
“မောင်လှသည် အစားမှားသောကြောင့် ၀မ်းကိုက်၏”။ ဒီဝါကျမှာကြတော့ မောင်လှဝမ်းကိုက်ခြင်းဟာ အစားမှားလို့ဖြစ်တဲ့အကြောင်း အကြောင်းပြထားတဲ့ စကားစုတွေ့ကြရမှာပါ။ အဲဒီ “အစားမှားသောကြောင့်”ပုဒ်ဟာ အကြောင်းပြပုဒ်ပါပဲ။ အကြောင်းပြပုဒ် ပါရှိတဲ့ ၀ါကျဖွဲ့နည်းပါပဲ။
ကဲ ၀ါကျဖွဲ့နည်း နောက်ဆုံးအဆင့် ၁၁ ကိုသွားကြရပါဦးမယ်။
မောင်နိုင်သည် တံခါးကို လက်ဖြင့်တွန်း၏။ ဒီဝါကျမှာ မောင်နိုင်သည် တံခါးကို တွန်းတဲ့အခါ လက်ဖြင့်တွန်းတယ်လို့ ဆိုထားပါတယ်။ မောင်နိုင်ဟာ တံခါးပွင့်သွားစေဖို့ ဘာကို အသုံးပြုသွားခဲ့သလဲ။ လက်ကို အသုံးချသွားတာ တွေ့ကြရမှာပါ။ ဒါကြောင့်မို့ လက်ဖြင့် ဆိုတဲ့စကားစုဟာ အသုံးခံပုဒ်ဖြစ်ပါတယ်။ အသုံးခံပုဒ်ပါရှိတဲ့ ၀ါကျရေးနည်းပါပဲ။
ကောင်းပါပြီ။ အခုဆိုရင် ကျနော်တို့ဟာ မြန်မာစာ ဆရာကြီးများရဲ့ ၀ါကျဖွဲ့နည်း ၁၁ မျိုးကို လေ့လာခဲ့ကြပြီးပါပြီ။ တနည်းအားဖြင့်ပြောရရင် ၀ါကျအမျိုးအစား ၁၁ မျိုးကို လေ့လာခဲ့ကြတဲ့သဘောပါပဲ။
ဒီနေရာမှာ အထူးဖြည့်စွက်ဆွေးနွေးချင်တဲ့အချက် ရှိပါသေးတယ်။ အဲဒါကတော့ အခု ကျနော်တို့ ၀ါကျဖွဲ့နည်း ၁၁ မျိုးကို သိခဲ့ကြတာမှန်ပါပြီ။ တကယ်တော့ အဲဒီ ၀ါကျဖွဲ့နည်းတွေမှာပါရှိတဲ့ ကံပုဒ်၊အသုံးခံပုဒ်၊ လက်ခံရာပုဒ်၊ရှေ့ရှုရာပုဒ်၊နေရာပြပုဒ်၊ ထွက်ခွာရာပုဒ်၊ အကြောင်းပြပုဒ်၊ အသုံးခံပုဒ် အစရှိတဲ့ပုဒ်တွေဟာ အခု လေ့လာခဲ့ကြသလို နေရာအတိအကျသတ်မှတ်ပြီးရေးတာအပြင် ကတ္တားနဲ့ကံအကြား၊ ဒါမှမဟုတ် ကတ္တားရဲ့ရှေ့ အစရှိသဖြင့် နေရာပြောင်းရွှေ့ထားသိုပြီး ၀ါကျဖွဲ့လို့ရပါတယ်။ အရှင်သဘောထားလို့ရပါတယ်။ အဲ ကြိယာပုဒ်ကိုတော့ နေရာပြောင်းရွှေ့ထားသိုပြီး အသုံးပြုလို့ မရပါဘူး။ ကြိယာပုဒ်ကိုတော့ ၀ါကျအဆုံးမှာသာ ထားပြီး ရေးကြရမှာဖြစ်ပါတယ်။ ကြိယာပုဒ်ကို ၀ါကျရဲ့အဆုံးနေရာမှာပဲ အတိအကျ ထားသိုရေးဖွဲ့ကြရမှာဖြစ်ပါတယ်။ အခြားပုဒ်အမျိုးအစားတွေလို နေရာပြောင်းရွှေ့ရေးသားလို့ မဖြစ်ကြောင်းတော့ သတိပေးလိုက်ပါတယ်။
ကဲ ဒီကနေ့တော့ ဒီလောက်ပါပဲ။
လူငယ်များ စကားပြေအရေးအသား မှန်ကန်လှပ ကြွယ်ဝနိုင်ကြပါစေ။
အပိုင်း(၁) http://www.mizzimaburmese.com/article/39299