ထိပ်သီးအစည်းအဝေး ပယ််ဖျက်မည်ဟု မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကြောင့် စောင့်ကြည့်မည်ဟု ထရမ့်ပြော

ထိပ်သီးအစည်းအဝေး ပယ််ဖျက်မည်ဟု မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကြောင့် စောင့်ကြည့်မည်ဟု ထရမ့်ပြော

 

၀ါရှင်တန်၊ မေ ၁၇ ။           ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းအလွန်မျှော်လင့်ပြောဆိုနေသည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်နှင့် ထိပ်သီးအစည်းအဝေးကို ပြံုယမ်းဖက်က ပယ်ဖျက်မည် ခြိမ်းခြောက်လာခြင်းနှင့် ပတ်သက်ပြီး “ကျွန်တော်တို့ စောင့်ကြည့်ပါမယ်။”ဟု  မယုတ်မလွန် သတိထားကာ  မှတ်ချက်ပြုပြောဆိုသည်။

အမေရိကန်အစိုးရအနေဖြင့် စင်ကာပူတွင် ဇွန် ၁၂ ရက်၌ တွေ့ဆုံရန် စီစဉ်ထားသော ယင်းထိပ်သီးအစည်းအဝေးနှင့် ပတ်သက်ပြီး အပြောင်းအလဲတစ်စုံတစ်ရာကို တရားဝင်ပြောဆိုမှုမျိုး လက်ခံရရှိသေးခြင်း မရှိကြောင်း ထရမ့်က ဆိုသည်။

“ခုထိ မှတ်ချက်ပြု တရားဝင်ပြောတာမျိုး ကျွန်တော်တို့ မကြားမသိရသေးပါ။ ကျွန်တော်တို့ စောင့်ကြည့်ပါ့မယ်။”ဟု ဘဲဥပုံရုံးခန်းတွင် ထရမ့်က ပြောဆိုသည်။

“ကျွန်တော်တို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မသိရသေးဘူး။ ဘာမှလည်း မကြားရသေးဘူး။ ဘာဖြစ်တယ်ဆိုတာကိုပဲ ကျွန်တော်တို့ စောင့်ကြည့်ရမှာပဲ။”ဟု ၎င်းက ပြောသည်။

ကိုရီးယားကျွန်းဆွယ်အရေးတွင် နွေးထွေးသော ပြောဆိုမှုများ၊ သံတမန်ဆက်ဆံမှုများဖြင့် သီတင်းပတ်များစွာ မျှော်လင့်ချက် သမ်းနေစဉ် ပြံုယမ်းက အမေရိကန်၏ တစ်ဖက်သတ်နျူကလီးယားစွန့်လွှတ်ရေး တောင်းဆိုမှုကြောင့် ထိပ်သီးအစည်းအဝေး ပယ်ဖျက်မည်ဟု မေ ၁၅ ရက်က ရုတ်ခြည််း ခြိမ်းခြောက်ပြောဆိုလာခဲ့ခြင်း ဖြစ်သည်။

“အမေရိကန်က ကျွန်တော်တို့ကို ချောင်ပိတ်ပြီး တစ်ဖက်သတ် နျူကလီးယားစွန့်လွှတ်အောင် လုပ်ဆောင်နေမယ််ဆိုရင် ဒီလို ဆွေးနွေးပွဲတွေကို ကျွန်တော်တို့ဖက်က ရေရှည်စိတ်ဝင်စားနိုင်မှာ မဟုတ်ဘူး။”ဟု မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး၏ ထုတ်ပြန်ချက်ကို နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့ခြင်း ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags