မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်၏နေအိမ်သို့ ရဲတပ်ဖွဲ့ဝင်ရောက်စီးနင်းရှာဖွေ

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်၏နေအိမ်သို့ ရဲတပ်ဖွဲ့ဝင်ရောက်စီးနင်းရှာဖွေ

ကွာလာလမ်ပူ၊ မလေးရှား၊ မေ ၁၇ ။              ။ အကျင့်ပျက်ခြစားမှုများ၊ မကောင်းသတင်းများနှင့်ကျော်ဇောနေသည့် မလေးရှားဝန်ကြီးချုပ်ဟောင်းနာဂျစ်၏ နေအိမ်သို့ မလေးရှားရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့ညက ၀င်ရောက်စီးနင်းရှာဖွေခဲ့ကြောင်း မလေးရှားပြည်တွင်းမီဒီယာ များက သတင်းတင်ပြခဲ့သည်။

အရာရှိများက ၄င်းတို့သည် အဂတိလိုက်စားမှုနှင့်ပက်သက်၍ မြို့တော်ကွာလာလမ်ပူရှိ နာဂျစ်မိသားစုပိုင် နေအိမ်ခြံဝန်းထဲသို့ ၀င်ရောက်စီးနင်းရှာဖွေခဲ့ခြင်းဖြစ်သည်ဟုဆိုခဲ့ပြီး ရဲကားတစ်ဒါဇင်ထက်မနည်းနှင့် ရောက်ရှိ လာခဲ့သော အရာရှိများသည် နာဂျစ်၏နေအိမ်ထဲသို့ ၀င်ရောက်သွားခဲ့ကြောင်း သတင်းထောက်များက တင်ပြခဲ့ သည်။

ရဲအရာရှိများကမူ ရှာဖွေမှုစစ်ဆင်ရေးနှင့်ပက်သက်၍ အသေးစိတ်အချက်အလက်ကို လတ်တလောပြောဆိုခြင်း မရှိသေးကြောင်း သိရသည်။ သို့သော်လည်း ဒေသတွင်းမီဒီယာများက ရဲအရာရှိများ၏ပြောဆိုချက်ကို ကိုးကား ၍ ယင်းစီးနင်းရှာဖွေမှုသည် နိုင်ငံတော်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေထဲမှ ဒေါ်လာဘီလျံနှင့်ချီ၍ အဂတိလိုက်စားထား သည်ဆိုသော စွပ်စွဲချက်များအတွက် ရည်ရွယ်၍လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုခဲ့ကြသည်။

မီဒီယာများ၏ဖော်ပြချက်များ မှန်ကန်ခဲ့ပါက ယင်းစီးနင်းရှာဖွေမှုသည် နိုင်ငံအတွင်းမှထွက်ခွာခွင့်ပိတ်ပင်ခံထား ရပြီး တရားစွဲဆိုမှုများနှင့်ရင်ဆိုင်ရဖွယ်ရှိသည့် နာဂျစ်အတွက် မကောင်းသောလက္ခဏာဖြစ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံကို ဆယ်စုနှစ် ၆စုခန့်အုပ်စိုးခဲ့သော တစ်ချိန်ကသြဇာအာဏာကြီးမားခဲ့သည့် နာဂျစ်၏ညွန့်ပေါင်း အဖွဲ့သည်လည်း ပြီးခဲ့သောအပတ်ကပြုလုပ်ခဲ့သော ရွေးကောက်ပွဲများတွင် မယုံကြည်နိုင်ဖွယ်အရေးနိမ့်ခဲ့သည်။

ယင်းသို့မမျှော်လင့်သော မဲရလာဒ်များပေါ်ပေါက်ခဲ့ရခြင်းမှာ 1MDB ဟုခေါ်သော ရန်ပုံငွေ အလွဲသုံးစားလုပ်မှုထဲ ၌ ကြီးမားစွာပါ၀င်ပက်သက်နေမှုအတွက် ပြည်သူလူထု၏ အမျက်ဒေါသနှင့် ရင်ဆိုင်ခဲ့ရခြင်းကြောင့်ဖြစ်ကြောင်း အများက ယူဆလျက်ရှိသည်။

မလေးရှားနိုင်ငံအား ၁၉၈၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိအုပ်ချုပ်ခဲ့သော ၀န်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက် သည် အသက် ၉၂နှစ်အရွယ်ရှိနေပြီဖြစ်သော်လည်း လက်ရှိအချိန်တွင် အနားယူနေရာမှ နိုင်ငံရေးလောကထဲသို့ ပြန်လည်ဝင်ရောက်လာပြီး နာဂျစ်ကိုဆန့်ကျင်သော ကမ်ပိန်းများပြုလုပ်ကာ ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင် ခဲ့သည်။

ပြီးခဲ့သောအပတ်ကကျင်းပခဲ့သောရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သော မဟာသီယာသည် နာဂျစ်နှင့်သူ၏ဇနီး ရိုစ်မာမန်ဆော်တို့အပါအဝင် 1MDB နှင့် ပက်သက်မှုရှိသော အခြားလူအားလုံးကို မလေးရှားပြည်တွင်းမှ ထွက်ခွာခွင့်ပိတ်ပင်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုများကိုပြုလုပ်ဖို့ ညွှန်ကြားထားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly