ဖားကန့်တွင် ဖြစ်ပွားခဲ့သော "ရတနာရွှေအိတ်" ကုမ္ပဏီကိစ္စ သဘောတူညီမှုရဟု ထုတ်ပြန်

ဖားကန့်တွင် ဖြစ်ပွားခဲ့သော "ရတနာရွှေအိတ်" ကုမ္ပဏီကိစ္စ သဘောတူညီမှုရဟု ထုတ်ပြန်
ဖားကန့်ရှိ ကျောက်မြတ်တူးဖော်ရေး လုပ်ငန်းတစ်ခုအား မြင်တွေ့ရစဉ်။ ဓာတ်ပုံ - AFP

မေလ ၁၆။            ။ မေလ ၁၃ ရက်က ဖားကန့်မြို့နယ် ဆန်ခါကျေးရွာအနီးရှိ "ရတနာရွှေအိတ်" ကုမ္ပဏီ၏ ၀န်ထမ်း ၁၀၀၀ ခန့်က ရရှိပိုင်ခွင့်များတောင်းဆိုရာမှ မြေသယ်ယာဉ် ၆ စီးအပါအဝင် ပစ္စည်းအများအပြားမီးလောင်ကျွမ်းခဲ့ကာ ရုံးခန်း မီးရှို့မှုပါ ဖြစ်ပွားခဲ့သော တောင်းဆိုမှုသည် ယခုအခါ သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

မေလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီမှ ၃ နာရီ ၄၀ ခန့် အချိန်ထိ ဖားကန့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ရုံး၌ "ရတနာရွှေအိတ်" ကုမ္ပဏီမှ အလုပ်သမား ကိုယ်စားလှယ် ကျော်မြင့်စိုးပါ ၃၃ ဦးသည် အလုပ်သမားများ ရသင့်ရထိုက်သည့် လုပ်ခလစာနှင့်ပတ်သက်၍ ခရိုင်အလုပ်သမား ညွှန်ကြားရေး ဦးစီးအရာရှိ ဒေါ်တင်မာပို၊ အလုပ်ရှင်ကိုယ်စားလှယ် ဦးဇော်လွင်တို့အဖွဲ့နှင့်တွေ့ဆုံ၍ ညှိနှိုင်းခဲ့ရာ သဘောတူညီမှုရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ မေလ ၁၆ ရက်တွင် ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မေလ ၁၃ ရက်နေ့ နေ့လည် ၁နာရီ အချိန်၊ ဖားကန့်မြို့နယ် ဆန်ခါကျေးရွာအနီးရှိ "ရတနာရွှေအိတ်" ကုမ္ပဏီရုံးရှေ့၌ အဆိုပါ ကုမ္ပဏီဝန်ထမ်း ၁၀၀၀ ဦးခန့်သည် ၎င်းတို့၏ ရရှိပိုင်ခွင့် များနှင့်ပတ်သက်၍ တောင်းဆို ခဲ့သဖြင့် ကုမ္ပဏီတာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းစဉ် ပြေလည်မှု မရရှိသဖြင့် ကုမ္ပဏီဝန်ထမ်း များသည် ကုမ္ပဏီရုံးခန်းနှင့် အဆောင်များအားခဲများဖြင့် ပစ်ပေါက်ခြင်းနေသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက ဟန့်တားသတိပေး ပစ်ခတ်ခဲ့သော်လည်း အိပ်ဆောင်နှင့် ကုမ္ပဏီရုံးခန်းတို့အား မီးရှို့ထွက်ပြေးသွားခဲ့သည်ဟု ပြည်ထဲရေးမှ ထုတ်ပြန်သည်။

မီးရှို့မှုကြောင့် ကုမ္ပဏီရုံးခန်း အပါအဝင် အိပ်ဆောင် ၅ ဆောင်၊ ပေ ၅၀ ပတ်လည် သွပ်မိုး/သွပ်ကာ ဂိုထောင် အသစ် ၄ လုံး၊ ပေ ၂၀ ပတ်လည် လူနေ ဆောင် ၁ ဆောင်၊ ပျက်၍ရပ်ထားသည့် Double Cab မော်တော်ယာဉ် ၅ စီး၊ ဘတ်ဟိုးယာဉ် ၁ စီး၊ ဂါလံ ၂၄၀၀ ဆံ့ ဆီတိုင်ကီ ၆ လုံး (ဆီမပါ)၊ မြေသယ်ယာဉ် ၆ စီး၊ ရေစုပ်စက် အကြီး ၃ လုံး၊ Nissan အမျိုးအစား အုပ်ချုပ်မှုယာဉ် ၂ စီးနှင့် လီဖန်း သုံးဘီးဆိုင်ကယ် ၂ စီးတို့အား မီးကူးစက်လောင် ကျွမ်းခဲ့ပြီး G-20 အမျိုးအစား မြေသယ်ယာဉ် ၁ စီး၊ ၁၂ ဘီး ဆီသယ်ယာဉ် ၁ စီးနှင့် ပေ ၅၀ ပတ်လည် ဂိုထောင်၏အရှေ့ဘက်ခြမ်းတို့အား ဖျက်ဆီးခံခဲ့ရပါသည်ဟု ဖော်ပြထားသည်။

ထို့နောက်ည ၉ နာရီခွဲခန့်တွင် ကုမ္ပဏီဝန်ထမ်း ၈၀၀ ဦးခန့်သည် "ရတနာရွှေအိတ်" ကုမ္ပဏီ၏ အရှေ့ မြောက်ဘက်ရှိ သွပ်ဆူးကြိုးနှင့် သွပ်ပြားများကာရံထားသည့် "ဝင်းဂိတ်"ကုမ္ပဏီ(ရတနာရွှေအိတ် ကုမ္ပဏီနှင့်အကျိုးတူ)ပိုင် ပေ ၂၀ ပတ်လည်ရှိ ကျောက်စိမ်းအရိုင်းတုံးများ သိုလှောင်ထားသော ဂိုထောင်အား ဝင်ရောက်ဖောက်ထွင်းနေ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက သတိပေးပစ်ခတ်ခဲ့သဖြင့် ထွက်ပြေးသွားခဲ့သည်ဟု ပြည်ထဲရေးမှ ထုတ်ပြန်ချက်တွင် ပါရှိသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက သတိပေးပစ်ခတ်ခဲ့ရာ အေးမင်း(၃၆)နှစ်ပါ ၃ ဦးတွင် ယာပေါင်၊ ဝဲလက်ဖျံတို့၌ ကျည်ဖောက်ထွက်ဒဏ်ရာများ (မစိုးရိမ်ရ) ရရှိ၍ လုံးခင်းဆေးရုံသို့ တင်ပို့ခဲ့သည်။ မေလ ၁၄ ရက်နေ့ ၀၂၃၀ အချိန်တွင် လင်းအောင်(၂၂)နှစ် ပါ၄၉ ဦးတို့အား ဖမ်းဆီးရမိခဲ့၍ ဖားကန့်မြို့မရဲစခန်းတွင် ထိန်းသိမ်းထားခဲ့ပြီး "ဝင်းဂိတ်" ကုမ္ပဏီ ကျောက်စိမ်းအရိုင်းတုံးများ သိုလှောင်ထားသော ဂိုထောင်အနီးတဝိုက်အား စိစစ်ခဲ့ရာ ဝမ်းဗိုက် သေနတ်မှန်ဒဏ်ရာဖြင့် ကျား ၁ဦး(စိစစ်ဆဲ)သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။

အဆိုပါ ဂိုထောင်သို့ ထပ်မံဖောက်ခိုးရန် ဝင်ရောက်လာသည့် စိုးမြင့်(၄၂)နှစ် အား တွေ့ရှိဖမ်းဆီးခဲ့သဖြင့် ဖြစ်စဉ်အတွင်း သေဆုံးသူ ၁ ဦး၊ ဆေးရုံတက်ရောက်ကုသနေသူ ၃ ဦး၊ ဖမ်းဆီးရမိသူ ၅၀ ဦး ဖြစ်သည်။

လင်းအောင်ပါ ၄၉ ဦး(ဖမ်းမိ)နှင့် အေးမင်းပါ၃ ဦး တို့အား လုံးခင်း နယ်မြေရဲစခန်းမှ (ပ)၇၁/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၄၅၇/ ၄၃၆/ ၄၂၇/ ၃၃၆/ ၂၉၄/ ၁၁၄ (ညအချိန် ပုန်းလျှိုး ကျော်နင်းမှု/ မီးရှို့မှု/အကျိုး ဖျက်ဆီးမှု/ အသက် (သို့)လုံခြုံရေးကို ဘေးဖြစ်စေမှု/ ဆဲဆိုမှု/ အားပေး ကူညီမှု)ဖြင့် လည်းကောင်း၊ ကျား ၁ဦး(စိစစ်ဆဲ)၏ အလောင်းနှင့်ပတ်သက်၍ သေမှုသေခင်း အမှတ်စဉ်(၂၂/၂၀၁၈)ဖြင့် လည်းကောင်း၊ စိုးမြင့်(ဖမ်းမိ)အား(ပ)၇၁/၂၀၁၈ အမှုဖြင့် လည်းကောင်း အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

သို့ရာတွင် မေလ ၁၄ ရက်နေ့တွင် လုံးခင်း တိုက်နယ်ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိသော တရားခံ အေးမင်းပါ ၃ ဦးအနက် ရေမဆေးကျောက်ရှာဖွေသူ ကျော်စိုးဦး၊(၃၁)နှစ်မှာ ဆေးရုံ၏ ခွင့်ပြုချက်မရှိဘဲ မိမိသဘောအလျှောက်ဆေးရုံမှ ခိုးဆင်းသွားခဲ့၍ ဖမ်းဆီးရမိရေး စုံစမ်းလျက်ရကြောင်း သိရသည်။

ကျန်တရားခံ အေးမင်းပါ ၂ ဦးအား လုံးခင်းတိုက်နယ်ဆေးရုံမှ မြစ်ကြီးနားဆေးရုံသို့ လွှဲပြောင်းပို့ဆောင် ကုသလျက် ရှိပြီး ၎င်းတို့ ၂ ဦးအား မေလ ၁၅ ရက်နေ့မှ မေလ၂၈ ရက်နေ့အထိ ချုပ်မိန့်ရီမန်ရယူကာ မြစ်ကြီးနား ဆေးရုံ၌ လုံးခင်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် လုံခြုံရေးဆောင်ရွက်လျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly