ရာဘာကျည်ဆန်ဖြင့် ပစ်ခတ်ခဲ့ခြင်းကို နိုင်ငံတော်သမ္မတထံ တိုင်ကြားသွားမည်ဟု သီလဝါဒေသခံလယ်သမားများဆို

ရာဘာကျည်ဆန်ဖြင့် ပစ်ခတ်ခဲ့ခြင်းကို နိုင်ငံတော်သမ္မတထံ တိုင်ကြားသွားမည်ဟု သီလဝါဒေသခံလယ်သမားများဆို

မေ ၁၆ ။            ။  ရဲတပ်ဖွဲ့က ရာဘာကျည်ဆန်ဖြင့် အင်အားသုံးဖြိုခွင်းခဲ့ခြင်းကို လူ့အခွင့် ရေးကော်မရှင်၊ နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်ထံသို့  တိုင်ကြားသွား မည်ဖြစ် ပြီး တရား ပြန်လည်စွဲဆိုသွားရန်လည်း စီစဉ်နေကြောင်း သီလဝါဒေသခံလယ်သမားများက  ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် သီလဝါကျေးရွာ ဆိပ်ကမ်းလုပ်ကွက် အမှတ် ၁၂နှင့် ၁၃ရှိ  လယ်မြေဧက ၁ဝဝ ပေါ်တွင် မေလ ၁၂ရက်က ဦးပိုင်ကုမ္ပဏီက သဲတင်ရန် ပြုလုပ်နေသည်ကို တားဆီးခဲ့သည့် လယ်သမားများကို ရဲတပ်ဖွဲ့ကပစ်ခတ်ပြီး လူစုခွဲခဲ့ရာ သုံးဦး ဒဏ်ရာရခဲ့သည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး လယ်သမားလေးဦးကို အမှုဖွင့်ထားကြောင်းလည်းသိရသည်။

လယ်သမားများဘက်မှ တိုင်ကြားမည့် အကြောင်းကို မေလ ၁၆ရက် ရန်ကုန်မြို့ အောခစ် ဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သီလဝါဒေသခံလယ်သမား ဦးသန်းဝင်းကပြော သွားခဲ့ခြင်းဖြစ်သည်။

“တိုင်ကြားစာတွေရေးသွားမယ်။ လူအခွင့်အရေးကော်မရှင်ကိုရေးမယ်။ သမ္မတကိုရေးမယ်။ လယ်ယာ မြေနဲ့ ပတ်သတ်ပြီး ဒုသမ္မတဆီတိုင်မယ်။ ရဲတွေနဲ့ ပတ်သတ်ပြီးတော့ ပြည်ထဲရေးနဲ့ ကာကွယ်ရေးကို တိုင်ကြားသွားမယ်။ ရှေ့နေတွေနဲ့တော့မတိုင်ပင်ရသေးဘူး။ လယ်သမားတွေအပိုင်းက တရားစွဲဖို့ လည်း စီစဉ်ထားတယ်” ဟု ၎င်းကပြောသည်။

လယ်သမားများတွင် နစ်နာဆုံးရှုံးမှုများရှိပါက ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သီလဝါ ဒေသခံလယ်သမားများဘက်မှ ကူညီဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးမြင့်သွင် ကပြောသည်။

“အဓိကတော့ ကျွန်တော်တို့ ဥပဒေနဲ့ ကုစားပေးဖို့ဘဲ။ အခုနစ်နာဆုံးရှုံးတာတွေကို ဥပဒေနဲ့အညီ လုပ် ထားတာရှိ၊ မရှိ အကုန်ကြည့်ရမယ်။ ကြည့်ပြီးလို့ ဥပဒေဘောင်အတွင်းက ဖြေရှင်းတာမဟုတ်ရင် ဥပ ဒေဘောင်ထဲက မဖြေရှင်းတဲ့ အဖွဲ့အစည်းကိုလည်း ဥပဒေနဲ့အညီ တရားပြန်စွဲရမယ်။ နောက်တစ်ခု နိုင်ငံသားတွေ ဥပဒေနဲ့မညီဘူးဆိုတဲ့ နေရာမှာလည်း ဘယ်လိုကုစားသလဲဆိုတဲ့ မူတွေနဲ့ ကုစားနိုင် အောင် ကျွန်တော်တို့ ဆက်ကြိုးစားရမယ်” ဟု ၎င်းကပြောသည်။

လက်ရှိလယ်မြေများပေါ်တွင် အိမ်ထောင်စု ၃၉စုနှင့် လူဦးရေ ၂၀၀ခန့်နေထိုင်နေကြပြီး ယင်းလယ်မြေ များသည် ၁၉၉၆-၉၇ခုနှစ် နောက်ပိုင်းတွင် နိုင်ငံတကာအဆင့်မီဆိပ်ကမ်းတည်ဆောက်ရန် လယ်သ မားများကို တစ်ဧက ကျပ် ၂ သောင်းနှုန်းပေးကာ သိမ်းယူထားသော အကွက်အမှတ် ၁၂၊ ၁၃ ဖြစ် ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly