ဗိုလ်ချုပ်အောင်ဆန်းနေရာက ပါ၀င်သရုပ်ဆောင်ဖို့ စိတ်အားထက်သန်နေဆဲပဲဆိုတဲ့ ကျော်ကျော်မျိုး

ဗိုလ်ချုပ်အောင်ဆန်းနေရာက ပါ၀င်သရုပ်ဆောင်ဖို့ စိတ်အားထက်သန်နေဆဲပဲဆိုတဲ့ ကျော်ကျော်မျိုး

မေ ၁၆ ရန်ကုန် ။          ။ ဆက်လက်ရိုက်ကူးဖို့ပြင်ဆင်နေတဲ့ "အောင်ဆန်းရုပ်ရှင်" မှာ ဗိုလ်ချုပ်နေရာက ပါ၀င်သရုပ်ဆောင်မယ့် ကျော်ကျော်မျိုးက ဗိုလ်ချုပ်ရုပ်ရှင်အတွက် စိတ်အားထက်သန်နေဆဲပဲလို့ ရုပ်ရှင်သရုပ်ဆောင် လူမင်းက ပြောပါတယ်။

" ကျော်ကျော်မျိုးကလည်း ဒီအတိုင်းပါပဲ၊ အပြင်မှာပြောနေကြသလို ၀တုတ်ပြီးရိုက်လို့မရဘူးဆိုတာ မဟုတ်ပါ ဘူး၊ သူလည်းစိတ်အားထက်သန်ဆဲပါပဲ” လို့ ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ရဲ့ အဖွဲ့ဝင် သရုပ်ဆောင် လူမင်းက ပြောပါတယ်။

ကျော်ကျော်မျိုးရဲ့ မိသားစုစားဝတ်နေရေးအတွက် ရုပ်ရှင်အတွက် စတင်ရွေးချယ်စဉ်ကတည်းက ကမ္ဘောဇ ဘောလုံးအသင်းက လစာအပြည့် ထောက်ပံ့ပေးခဲ့ပြီး ၂၀၁၈ ခုနှစ်မှစတင်ပြီး ရုပ်ရှင်ဖြစ်မြောက်ရေး ကုမ္မဏီက ဆက်လက်ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။

ဒီနေရာမှာ ကျော်ကျော်မျိုးနဲ့ ပတ်သက်ပြီးရှင်းပြချင်တာက ကျော်ကျော်မျိုးက သရုပ်ဆောင်ရွေးချယ်ပြီး ကတည်းက အဲ့ထဲကသူက ကမ္ဘောဇဘောလုံးအသင်းက ကစားသမားတစ်ယောက်ပါ၊ ကမ္ဘောဇဘောလုံး အသင်းကလည်း အစ်ကိုတို့ ရုပ်ရှင်ကိုကူညီထောက်ပံ့တဲ့အနေနဲ့ ရုပ်ရှင်ရိုက်ဖို့ သူ့ကို Camp သွင်းခေါ်ထားပြီး ကတည်းက လစာကို အပြည့်အဝ ခံစားခွင့်ပေးနေပါတယ်။ပြီးခဲ့တဲ့ ၂၀၁၇ ဒီဇင်ဘာလ အထိ၊ အဲ့တော့ ခု၂၀၁၈ ဇန်နဝါရီက စပြီးသူရဲ့ခံစားခွင့် လစာကို အစ်ကိုတို့ ရုပ်ရှင်ဖြစ်မြောက်ရေး ကုမ္မဏီက ဆက်လက်ပြီးတော့ ထောက်ပံ့ပေးနေပါတယ်၊ ဆိုလိုတာက ကျော်ကျော်မျိုးသည် ဒီရုပ်ရှင်ရိုက်မယ်ဆိုပြီး နှစ်တွေကြန့်ကြာခဲ့တဲ့ အတွက် သူနဲ့ သူမိသားစု၊ သူ့ဘဝ ရပ်တည်မှုအတွက် နစ်နာမှုတွေ ရှိတယ်ဆိုပြီး ဝေဖန်မှုတွေရှိခဲ့တယ် " လို့ အကယ်ဒမီလူမင်းက ပြောပါတယ်။

" သူဒီနေ့ ဒီအချိန်အထိ စိတ်အားထက်သန်နေတုန်းပဲဆိုတာတွေ့ရပါတယ်၊ အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်နိုင်လိမ့်မယ်လို့ အစ်ကိုတို့ယုံကြည်ပါတယ် "လို့ ဗိုလ်ချုပ်အောင်ဆန်းနေရာမှာ သရုပ်ဆောင်မယ့် ကျော်ကျော်မျိုးနဲ့ ပတ်သက်ပြီး လူမင်းက ပြောဆိုခဲ့ပါတယ်။

ကျော်ကျော်မျိုးကို လိုအပ်တဲ့ ပြင်ဆင်မှုတွေ ထပ်ပြီး လုပ်ပေးသွားမှာဖြစ်ပြီး အနီးကပ်မှာလည်း လိုအပ်တာတွေ အကုန်လုံး ဆက်ပြီး လေ့ကျင့်ပေးသွားမယ်လို့ သိရပါတယ်။

လူမင်းက “ ဗိုလ်ချုပ်အောင်ဆန်းကို အရမ်းလေးစားတာကြောင့် အခုထိ " အောင်ဆန်းရုပ်ရှင် " ဖြစ်မြောက် ရေးမှာ ပါ၀င်နေရတာဖြစ်ပြီး ယင်းရုပ်ရှင်ကားကို ဖြစ်မြောက်လိုတဲ့ ဆန္ဒရှိနေလို့ပါ ၊ နောက်ပြီးတော့ ဒါက အမေစုရဲ့ ဆန္ဒလည်းဖြစ်တာကြောင့် အစ်ကိုကတော့ ဘယ်နေရာကပဲ ပါရပါရ အဆုံးခန်းတဲ့အထိ ရုပ်ရှင်ဖြစ် မြောက်ရေးအတွက် ပါ၀င်သွားမှာပါ "လို့ ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူး ထုတ်လုပ်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ အဖြစ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက   ဆောင်ရွက်နေသော အောင်ဆန်းရုပ်ရှင်ကို ၂၀၁၉ နှစ်စပိုင်းမှာ စတင်ရိုက်ကူးသွားမှာဖြစ်ပြီး  လာမည့် ၂၀၂၀တွင် ပြသနိုင်ရန် လျာထားကြောင်း သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly