ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ၀န်ထမ်း ၂၉ဦးကို တိုင်ကြားမှုများကြောင့် ထုတ်ပယ်ခဲ့ဟုဆို

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ၀န်ထမ်း ၂၉ဦးကို တိုင်ကြားမှုများကြောင့် ထုတ်ပယ်ခဲ့ဟုဆို
မကွေးတိုင်းဒေသကြီးအတွင်းရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနမှာတာဝန်ယူဆောက်လုပ်နေသည့် တံတားအား တွေ့ရစဉ်။ ဓာတ်ပုံ -မျိုးချစ်သွေး

 

နေပြည်တော်၊ မေလ ၁၆ ။        ။ ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ၊၂နှစ်တာ ကာလအတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ လမ်း၊တံတားပျက်စီးမှုများ အတွက် တိုင်ကြားမှုများရှိ၍ ခုံဖွဲ့ပြီး စစ်ဆေးအရေးယူကာ ထုတ်ပယ်ခဲ့သည့် ၀န်ထမ်း ၂၉ ဦးထိ ရှိပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

“သေချာစိစစ်ပြီးတော့ကျမှ ဒီ ၂နှစ်တာ ကာလ အတွင်းမှာ ရာထူးကနေ ထုတ်ပယ်ခဲ့တာ ၂၉ ဦး၊ ရာထူးတဆင့် ချတာ ၉ဦးရှိပါတယ်။ ရာထူးတိုးရပ်ဆိုင်းလိုက်တာ ၁၂ဦးရှိပါတယ်။ ပြင်းထန်စွာ သတိပေးခြင်း ၄၉ ဦး ကျွန်တော်တို့ အရေးယူပြီးဖြစ်ပါတယ်” လို့ ၄င်းကပြောကြားသည်။

မေလ ၁၅ရက်နေ့ နေ့လည်ပိုင်းက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်သော နိုင်ငံတော် အစိုးရ၏ ဒုတိယ(၁)နှစ်တာ ကာလအတွင်းဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒုတိယဝန်ကြီး ဦးကျော်လင်းက မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထို့သို့ပျက်စီးမှုများအတွက် အလုပ်မှ ထုတ်ပယ်၊ ရာထူးချ၊ ရာထူးတိုးရပ်ဆိုင်းခြင်းနှင့် ပြင်းထန်စွာ သတိပေးခြင်း တို့ ကို ခုံဖွဲ့စစ်ဆေးရာတွင် “အင်ဂျင်နီယာရဲ့ ပေါ့လျော့မှုကြောင့် ဖြစ်တာလား။ ဒါမှ မဟုတ်လို့ရှိရင်လည်း ဒီသုံးစွဲတဲ့ ပစ္စည်းရဲ့ အရည်အသွေး မမှီလို့လား ဒါမှ မဟုတ်လို့ရှိရင် အလွဲသုံးစား မှုလုပ်တာလား ” စသည်ဖြင့် စစ်ဆေး အရေးယူခဲ့ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် အဆောက်အဦ ၊ လမ်း၊ တံတားများကို ဆောက်လုပ်ရာတွင် အရည်အသွေး စံချိန်စံညွှန်းပြည့်မှီရေး၊ နိုင်ငံတော်ပိုင်ငွေကြေးပစ္စည်းများကို အလွဲသုံးစားမှု မဖြစ်ရေး စသည့် အချက်များကို အဓိကထားပြီး ဆောင်ရွက်နေကြောင်း ဦးကျော်လင်းက ဆက်လက်ပြောကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly