ဧရာဝတီတိုင်းရှိ လယ်သမားတစ်သိန်းကျော် ၊ အစိုးရသို့ကြွေးကျန်ပေးရန် ပျက်ကွက်နေ

ဧရာဝတီတိုင်းရှိ လယ်သမားတစ်သိန်းကျော် ၊ အစိုးရသို့ကြွေးကျန်ပေးရန် ပျက်ကွက်နေ
ဓာတ်ပုံ - ဟောင်ဆာ(ရာမည)

 

မေ ၁၆၊ ပုသိမ် ။                        ။ ဧရာဝတီတိုင်းဒေသကြီးတွင် လယ်သမား တစ်သိန်းကျော်ခန့်က အစိုးရသို့ပေးရန်ကြွေးကျန်  ရ၇ ဘီလီယံ ကျော် ရှိနေပြီး ကြွေးကျန်ပေးရန် ပျက်ကွက်နေကြောင်း ဧရာဝတီတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံဖြိုးရေး ဘဏ်ဘက်မှ သိရသည်။

စိုက်ပျိုးစရိတ်ချေးငွေများ ကြွေးကျန်များပြားလာခြင်းမှာ ဥပဒေအတိုင်း တိတိကျကျ အရေးမယူသောကြောင့် ဖြစ်သည်ဟု ဧရာဝတီတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် တိုင်းမန်နေဂျာဦးသန်းဌေးအောင်က ပြောသည်။

”ဥပဒေအတိုင်း တိတိကျကျ အရေးမယူတာ၊  ဥပဒေရဲ့ အားနည်းချက်ကိုနင်းပြီးတော့ လက်တစ်လုံးကြား ဥပဒေ ဖောက်လာတယ်။  ကြွေးကျန်တော့ဘာလုပ်မလဲ။  မလုပ်တော့ မဆပ်ဘူးပေါ့။ ရိုးရှင်းလွယ်ကူတဲ့ဖြစ်စဉ် ပေါ့ ၊ရှေးက ကြွေးကျန်တဲ့သူကို ထိထိရောက်ရောက် အရေးယူရင် ဒီလူတွေ ဒီလောက်မကျန်ဘူး။ ဘေးထွက် ဆိုးကျိုးက နိုင်ငံဘဏ္ဍာထဲက အချိန်တန်ရင် စီးထွက်သွားမယ်။ ငွေတွေက နိုင်ငံတော်ဘဏ္ဍာထဲ ၀င်မလာဘူး ။ ငွေစက္ကူတွေက ပေါနေမယ် ၊ပေါတဲ့ပစ္စည်းကတန်ဖိုးမရှိ ရှားတဲ့ပစ္စည်းက တန်ဖိုးရှိပါတယ်။ ငွေတန်ဖိုး ကျတယ် ဆိုတာတို ့ကုန်စျေးနှုန်းတက်တယ်ဆိုတာကို  ဘေးထွက်ဆိုးကျိုးပါ”ဟု ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ လယ်ယာဖွံဖြိုးရေးဘဏ် တိုင်းမန်နေဂျာဦးသန်းဌေးအောင်က ပြောသည်။  

ဧရာဝတီတိုင်းဒေသကြီးရှိ တောင်သူလယ်သမား ၁၀၄၃၃၄ ဦးက မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်သို့ ပေးသွင်း ရန် စိုက်ပျိုးစရိတ်ချေးငွေ အချိန်လွန်ကြွေးကျန် ရ၇.၈ ဘီလီယံရှိပြီး၊ ၂၀၁၇-၁၈ မိုးရာသီ ဆောင်းရာသီ စိုက်ပျိုး စရိတ် ကြွေးကျန်များ အပါအဝင် စုစုပေါင်း ကြွေးကျန် ၃၅၄ ဘီလီယံခန့် ရှိကြောင်း သိရသည်။

လက်ရှိတွင် ကြွေးမဆပ်သူ လယ်သမားများအား အရေးယူမှုမရှိသေးဘဲ အကြွေးဆုံးပြီး တိမ်းရှောင်သွားပါက ၀န်ထမ်းများအနေဖြင့် ဖြေရှင်းရဖို့ရှိနေကြောင်း မြန်မာလယ်ယာဖွံဖြိုးရေးဘဏ် တိုင်းမန်နေဂျာ ဦးသန်းဌေးအောင် က မဇ္စျိမသို့ ပြောသည်။

"ကျန်တာ အစပိုင်း အင်မတန်ခက်ခဲပြီး အချိန်စေ့တဲ့အခါ မဆပ်နိုင်တာ ၂၀၁၀ အထိ တစ်ယောက်မှ မကျန်ဘူး။ တစ်နိုင်ငံလုံးတစ်ယောက်မှမကျန်ဘူး အဲဒါ တပ်မတော်အစိုးရလက်ထက် ဒီဘက်အပိုင်းမှာ ဖြေလျော့လာ တယ်။ ဖြေလျော့မှုတွေများလာတဲ့အပေါ်မှာ ရိုးရိုးသားသား ကြွေးမတတ်နိုင်လိုကျန်သလို ဒီအပေါ်မှာ အခွင့်အရေးယူပြီးတော့မဆပ်တဲ့သူတွေရှိလာတယ်၊ရှေ့က ကြွေးကျန်တဲ့သူမဆပ်တဲ့အပေါ်မှာ အရေးမယူလို့ နောက်က မကြောက်တော့ဘူး ။ ဘာမှမလုပ်ဘူး ဘာမှမလုပ်တာပဲဆိုပြီး အတွေးမှားနဲ့ မဆပ်တာ ။ အဆင်မပြေလို့ မဆပ်တာမဟုတ်ဘူး၊တချို့ဆို နိုင်ငံရေးအရ အရောင်ဆိုးပြီး အစိုးရဘာလုပ်လုပ် ကန့်လန့်တိုက် ဆန့်ကျင် ဒီလိုအနေအထားလည်းတွေ့ရပါတယ်”ဟု မြန်မာလယ်ယာဖွံဖြိုးရေးဘဏ် တိုင်းမန်နေဂျာ ဦးသန်းဌေးအောင်က ပြောသည်။

လယ်သမားအများစုမှာ အစိုးရသို့ပြန်ဆပ်ရန် အရေးယူမှုမရှိသောကြောင့် မဆပ်ကြသည်မှာ အများစုဖြစ်ပြီး အနည်းစုမှာ လုပ်ငန်းအဆင်မပြေကြသောကြောင့် ဖြစ်သည်ဟု သိရသည်။

ကြွေးကျန်များသောမြို့နယ်များကို ပြည်ထောင်စုမှ ဆင်းကောက်မှုများရှိနေသည်ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံဘဏ္ဍာဝန်ကြီး ဦးဌေးဝင်းက ပြောသည်။

 “ ကြွေးကျန်များတဲ့ မြို့နယ်တွေကို ပြည်ထောင်စုက ဆင်းပြီးတော့ ကြွေးကျန်များတဲ့မြို့နယ်တွေကို ကောက်ခံတာမျိုးလည်း ရှိပါတယ်။ ကြွေးများတဲ့မြို့နယ်တွေကို ကြွေးနည်းတဲ့မြို့နယ်တွေက ၀န်ထမ်း ဖြည့်ဆည်းပြီး ကောက်ခံတာ ရှိပါတယ်။ တိုင်းဒေသကြီးအစိုးရအနေနဲ့က ကြွေးများတဲ့ဒေသတွေ အုပ်ချုပ်ရေး ဆိုင်ရာအဆင့်ဆင့်က စိုက်ပျိုးရေးဘဏ်နှင့်ပတ်သက်ပြီးချေးငွေကောက်ခံတဲ့နေရာမှာ ကူညီဆောင်ရွက်ပေးဖို့ ညွန်ကြားထားပါတယ်”ဟု စီမံဘဏ္ဍာဝန်ကြီးဦးဌေးဝင်းက ပြောသည်။

၂၀၁၈ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကို ဝိုင်းကြီးချုပ်စနစ်အစား လယ်သမားတစ်ဦးချင်းအား ထုတ်ချေး ပေးသွားမည်ဖြစ်ပြီး၊ယခင် လယ်သမားသုံးဦး တစ်ဖွဲ့ ဝိုင်းကြီးချုပ်ဖြင့်ထုတ်ချေးပေးခဲ့ပြီး သုံးဦးလုံး ကြွေးကျေမှာ နောက်တစ်ရာသီစိုက်ပျိုးစရိတ်ကိုထုတ်ချေးခဲ့ခြင်းဖြစ်သည်။

လယ်တစ်ဧက ကို တစ်သိန်းငါးသောင်းဖြင့် ထုတ်ချေးပေးခဲ့ခြင်း ဖြစ်ပြီး ၂၀၁၈ ခုနှစ်မိုးရာသီတွင် ဧရာဝတီတိုင်း ဒေသကြီးတွင် ၃၄၄ဘီလီယံ ထုတ်ချေးနိုင်ကြောင်းသိရှိရသည်။ လယ်သမားတစ်ဦးလျှင် လယ်ဆယ်ဧကအထိ သာ ချေးယူခွင့် ပြုထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly