မေ ၁၆၊ လီမာ။ ။ အားကစားဆိုင်ရာအငြင်းပွားမှုခုံရုံးရဲ့ တားမြစ်ဆေးပြစ်ဒဏ် ၁၄ လ ပွဲပယ်ခံရတဲ့အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲရတော့မယ့် ပီရူးလက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင် ပါလို ဂွာရဲရိုးကို လီမာမြို့လေဆိပ်မှာ ပီရူးပြည်သူရာပေါင်းများစွာက အားပေး ကြိုဆိုခဲ့ကြပါတယ်။
မူလက ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ ၆ လပွဲပယ်ပြစ်ဒဏ်နဲ့သာရင်ဆိုင်ခဲ့ရတဲ့ ဂွာရဲရိုးဟာ ဒီလအစောပိုင်းမှာ ပြစ်ဒဏ်စေ့သွားလို့ ပီရူးလက်ရွေးစင်အသင်းရဲ့ ကမ္ဘာ့ဖလား ပဏာမကစားသမား ၂၅ ဦးစာရင်းမှာတောင် ရွေးချယ်ခံထားရသူပါ။
ဒါပေမဲ့ ပြီးခဲ့တဲ့တနင်္လာနေ့မှာတော့ ကိုကင်းသုံးစွဲမှု စွဲချက်နဲ့ပတ်သက်ပြီး အားကစားဆိုင်ရာအငြင်းပွားမှုခုံရုံးက ဂွာရဲရိုးရဲ့ ပြစ်ဒဏ်ကို ၆ လကနေ ၁၄ လအထိ တိုးမြှင့်လိုက်ပါတယ်။
ဒါကြောင့် ဂွာရဲရိုးဟာ ဇွန်လမှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကိုလွဲချော်ရတော့မှာဖြစ်တဲ့အပြင် ၂၀၁၉ ဇန်နဝါရီလအထိ ဘောလုံးကစားခွင့်ရတော့မှာ မဟုတ်ပါဘူး။
အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ တိုက်စစ်မှူး ဂွာရဲရိုးဟာ ပီရူးလက်ရွေးစင်အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားတစ်ဦးဖြစ်ပြီး ဘရာဇီးကလပ် ဖလာမင်ဂိုမှာ ကစားနေသူပါ။
ပီရူးလက်ရွေးစင်အသင်းဟာ ၁၉၈၂ နောက်ပိုင်း ၃၆ နှစ်ကြာမှ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကစားချင်တဲ့ အိပ်မက်ပျက်ပြယ်ခဲ့ရတယ်လို့ ဂွာရဲရိုးက ပြောပါတယ်။
ဂွာရဲရိုးက “ဒီနေ့တော့ ဘောလုံးကစားချင်တဲ့စိတ်ရော၊ ကမ္ဘာ့ဖလားအိပ်မက်ကိုရော ဆုံးရှုံးသွားခဲ့ရပါတယ်။ ကျွန်တော့်ဘဝရဲ့ အမှောင်ဆုံးအချိန်ကိုဖြတ်သန်းနေရတာပါ။ ဒါပေမဲ့ ကျွန်တော့်နိုင်ငံနဲ့ ပြည်သူတွေကိုပြောချင်တာက ကျွန်တော် ဘယ်မူးယစ်ဆေးကိုမှ မသုံးခဲ့ပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာတုန်းက လီမာမြို့ဟိုတယ်တစ်ခုမှာ လက်ဖက်ရည်တစ်ခွက်သောက်မိခဲ့ပြီး အဲဒါဟာ တားမြစ်ထားတဲ့ ကိုကာရွက်နဲ့လုပ်ထားတဲ့ တီဒီကိုကာ ဆိုတာကို မသိခဲ့ဘူးလို့ ဂွာရဲရိုးက ဆိုပါတယ်။
ကိုကာရွက်ခြောက်နဲ့ ပြုလုပ်ထားတဲ့ ကိုကာလက်ဖက်ရည်ဟာ အာဂျင်တီးနား၊ ဘိုလီးဗီးယား၊ ကိုလံဘီယာ၊ အီကွေဒေါနဲ့ ချီလီနိုင်ငံတွေမှာ တရားဝင်သုံးစွဲခွင့်ရထားပါတယ်။ ဒါပေမဲ့ ကိုကင်းလုပ်ရာမှာပါဝင်တဲ့ ပစ္စည်းဖြစ်နေတဲ့အတွက်တော့ တခြားနိုင်ငံတွေမှာ ပိတ်ပင်ထားပါတယ်။
Ref; AFP