ထရမ့်နှင့် ကင်မ်ဂျံုအမ်းတို့၏ သမိုင်းဝင်တွေ့ဆုံပွဲကို ဖျက်သိမ်းပစ်မည်ဟု မြောက်ကိုရီးယားခြိမ်းခြောက်

ထရမ့်နှင့် ကင်မ်ဂျံုအမ်းတို့၏ သမိုင်းဝင်တွေ့ဆုံပွဲကို ဖျက်သိမ်းပစ်မည်ဟု မြောက်ကိုရီးယားခြိမ်းခြောက်

ဆိုးလ်၊ မေ ၁၆ ။             ။ အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ရန်ပြင်ဆင်မှုကို တုံ့ပြန်သည့် အနေဖြင့် မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျံုအမ်းနှင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့၏ လာမည့်လ တွင်ကျင်းပမည့် သမိုင်းဝင်တွေ့ဆုံပွဲကို ဖျက်သိမ်းပစ်မည်ဟု ပြံုယမ်းအစိုးရဘက်မှခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာန ကေစီအဲန်အေက ဗုဒ္ဓဟူးနေ့တွင် သတင်းတင်ပြခဲ့သည်။

Max Thunder ဟုအမည်ပေးထားသော ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများသည် မြောက်ကိုရီးယားကိုကျူးကျော် သည့် စစ်ရေးအစီအမံကို အစမ်းလေ့ကျင့်ခြင်းဖြစ်ပြီး ကိုရီးယားနှစ်နိုင်ငံကြား ဆက်ဆံရေးများနွေးထွေးလာစဉ် တွင် ရည်ရွယ်ချက်ရှိရှိဖြင့် စစ်ရေးအရ ရန်စခြင်းဖြစ်သည်ဟု ပြံုယမ်းအစိုးရ၏သတင်းအေဂျင်စီက ဆိုခဲ့သည်။

“တောင်ကိုရီးယားအာဏာပိုင်တွေနဲ့အတူ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ဆောင်ရွက်ဖို့ဆုံးဖြတ်ခဲ့ခြင်းဟာ စစ်ရေး အရ ရန်စခြင်းဖြစ်တယ်ဆိုတာကို အမေရိကန်အာဏာပိုင်များအနေနဲ့ သိသင့်ပီး မြောက်ကိုရီးယားနဲ့ အမေရိကန် တို့ရဲ့ စီစဉ်ထားပြီးသားတွေ့ဆုံပွဲကို ထိခိုက်စေတာကြောင့် ဆင်ဆင်ခြင်ခြင်ပြုမူသင့်ပါတယ်” ဟု မြောက်ကိုရီးယားတို့ဘက်မှ ပြောဆိုခဲ့သည်။

ယင်းသို့စစ်ရေးလေ့ကျင့်မှုများ ဆောင်ရွက်ခြင်းသည် ပြီးခဲ့သောဧပြီလ ၂၇ ရက်နေ့က တောင်ကိုရီးယားသမ္မတ မွန်းဂျေးအင်နှင့် မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျံုအမ်းတို့ နှစ်နိုင်ငံနယ်စပ်ရှိမြို့တွင် သဘောတူလက်မှတ် ထိုးခဲ့သော ပန်မွန်ဂျွန်ကြေညာချက်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြံုယမ်းအစိုးရက ရှုမြင်လျက်ရှိသည်။

ယင်းကြေညာချက်အရ တောင်မြောက်နှစ်နိုင်ငံသည် ရေရှည်တည်တံ့မည့်ငြိမ်းချမ်းရေးနှင့် ကိုရီးယားကျွန်းဆွယ် ၌ နျူကလီးယားကင်းစင်ရေး လုပ်ဆောင်ချက်များကို အပြီးအသတ်လုပ်ဆောင်မည်ဟု ကတိပြုခဲ့ကြသည်။

Max Thunder စစ်ရေးလေ့ကျင့်မှုကို မေလ ၁၈ ရက်နေ့တွင်ကျင်းပရန်စီစဉ်ထားပြီး F-22 နှင့် F-15 တိုက်လေယာဉ်ပျံများ B52 ဗုံးကြဲလေယာဉ်များအပါအဝင် စစ်လေယာဉ် ၁၀၀ ခန့်နှင့် လေ့ကျင့်သွားရန် စီစဉ်ထားကြောင်း သိရသည်။

ဇွန်လ ၁၂ ရက်နေ့တွင် စင်္ကာပူနိုင်ငံ၌ကျင်းပမည့် သမိုင်းဝင်တွေ့ဆုံပွဲကို မြောက်ကိုရီးယားတို့ဘက်မှ ဖျက်သိမ်း မည်ဟုခြိမ်းခြောက်ခဲ့သော်လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟီသာနော်အာ့တ် ကမူ ၀ါရှင်တန်အစိုးရအနေဖြင့် အစီအစဉ်ကိုပယ်ဖျက်ဖို့စိတ်ကူးမရှိပဲ နှစ်ဖက်ခေါင်းဆောင်များတွေ့ဆုံကြဖို့ အစီအစဉ်အတိုင်းဆက်လက်ဆောင်ရွက်သွားမည်ဟု ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly