တာမွေဂုံးကျော်တံတားအောက် ဆန္ဒပြမှုအား ဖမ်းဆီးရာတွင် အရပ်သားအင်အားသုံးမှု မရှိဟု ရဲချုပ်ပြော

တာမွေဂုံးကျော်တံတားအောက် ဆန္ဒပြမှုအား ဖမ်းဆီးရာတွင် အရပ်သားအင်အားသုံးမှု မရှိဟု ရဲချုပ်ပြော
(ဓာတ်ပုံ- ဟိန်းထက်/EPA)

နေပြည်တော်၊ မေလ ၁၅ ။           ။ ပြီးခဲ့သည့် မေလ ၁၂ ရက်က ရန်ကုန်မြို့ တာမွေဂုံးကျော်တံတားအောက်တွင်  ဖြစ်ပွားခဲ့သော ငြိမ်းချမ်းရေး တောင်းဆိုဆန္ဒပြသူများကို လူစုခွဲဖမ်းဆီးမှုများတွင်   အရပ်သားအင်အားကို အသုံးပြုမှု မရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲ တပ်ဖွဲ့မှ ရဲချုပ်အောင်ဝင်းဦးက ပြောသည်။

“ဖြစ်စဉ်မှာ အရပ်သားအင်အားသုံးမှုမရှိကြောင်းသိရှိရပါတယ်။ အဲ့ဒီတော့ အသိပေးတင်ပြမှု မရှိဘဲနဲ့ ဆန္ဒပြခြင်းကို လူစုခွဲသလို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄ (၁) အရ ဖမ်းဆီးခြင်း၊ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၅၄ အရ အမှုဖွင့်အရေးယူခြင်းတို့ကိုလည်း ရဲစခန်းက ဆောင်ရွက်ပါတယ်။ အဲ့ဒီတော့ ဥပဒေနဲ့ အညီပဲ ဆောင်ရွက်ခဲ့ပြီးတော့ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ အညီပဲ အဲ့ဒီ အခြေအနေတွေ ဖြစ်ကြောင်း ဖြေကြားလိုပါတယ်” ဟု ရဲချုပ်က ပြောသည်။

ယနေ့ မေလ ၁၅ ရက်နေ့လည်ပိုင်းက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်သော နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ဒုတိယ(၁)နှစ် ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ တွင် ရဲချုပ်အောင်ဝင်းဦးက မီဒီယာများ၏ မေးမြန်းမှုကို ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါနေ့ ဖမ်းဆီးမှုဖြစ်စဉ်သည် “ဒီကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေကြောင့်ပိတ်မိနေတဲ့ ပြည်သူတွေ လွတ်မြောက်ရေး ဆိုပြီးတော့ မြောက်ရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြို့နယ်အသီးသီးမှာ ဆန္ဒဖော်ထုတ်မှုတွေ၊ စီတန်းလှည့်လည်မှုတွေဆောင် ရွက်တဲ့နေရာမှာ ဥပဒေနဲ့အညီ အသိပေးတင်ပြမှု မရှိတဲ့အတွက် ဖြစ်ပါတယ်” ဟု ရဲချုပ်အောင်ဝင်းဦးက ဖြေကြားသည်။

၂၀၁၆ခုနှစ် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ(၄)တွင် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း အခွင့်အရေးများကို သုံးစွဲဆောင်ရွက်လိုသော နိုင်ငံသား သို့မဟုတ် အဖွဲ့အစည်းများသည် မိမိတို့ သဘောထားဆန္ဒကို ဖော်ပြလိုပါက သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးထံ အနည်းဆုံး ၄၈ နာရီ ကြိုတင်စာတင်ရမည်ဟု ပြဋ္ဌာန်းထားသည်။

ဆန္ဒပြသူများဘက်က ငြိမ်းစုစီ တင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ငြင်းပယ်ခံရမှုများရှိနေသည်ဟု ဆိုကြသည်။

ရဲချုပ်က ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၂၇ အရ ဒုရဲအုပ်အောက် အဆင့်မနိမ့်သည့်ရဲအရာရှိသည် ပြည်သူများ၏ ငြိမ်းချမ်းခြင်းကိုနှောင့်ယှက်ဖျက်ဆီးရန်ရှိသည့် အစုအဝေးကို လူစုခွဲရန်အမိန့်ပေးနိုင်ပြီး ထိုအစုအဝေးတွင်ပါ၀င်သူများက လိုက်နာရမည်ဟု ၄င်းက ဆက်လက်ပြောသည်။

“ရာဇဝတ်ကျင့်ထုံးဥပဒေ ၁၂၈ မှာလည်း ထိုသို့အမိန့်ပေးတဲ့အခါမှာ လူစုခွဲခြင်းမပြုရင် ဒုရဲအုပ်အောက် အဆင့်မနိမ့်တဲ့ ရဲအရာရှိက အဲ့ဒီအစုအဝေးကို လူစုကွဲအောင် အင်အားသုံးပြုလုပ်နိုင်တယ်လို့လည်း ပြဌာန်းထားပါတယ်။အဲ့လို ပြုလုပ်တဲ့အခါမှာ လက်နက်ကိုင်မဟုတ်သူ အခြားမည်သည့်အမျိုးသားကိုမဆို အကူအညီ တောင်းခံံနိုင်တယ်လို့ ဖော်ပြထားပါတယ်။ လိုအပ်လျှင် အစုအဝေးမှာပါဝင်သူကို လူစုခွဲဖို့ သို့မဟုတ် တရားဥပဒေနှင့်အညီ ပြစ်ဒဏ်စီရင်နိုင်ရန် ဖမ်းဆီးချုပ်နှောင်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်”ဟုရဲချုပ်အောင်ဝင်းဦး ပြောသည်။

မေလ ၁၂ ရက်နေ့၊ ညနေပိုင်းက ရန်ကုန်၊ တာမွေမြို့နယ်တွင် စစ်ပွဲများရပ်တန့်ရေးနှင့် ငြိမ်းချမ်းရေးတောင်းဆို ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က လူစုခွဲစဉ် ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ပါဝင်ခဲ့သူ ၁၇ ဦးကို ဗဟန်းမြို့နယ်ရဲစခန်းတွင် ငြိမ်းစုစီပုဒ်မ ၂ဝ ဖြင့် အမှုဖွင့်ထားသည်။

လက်ရှိတွင် ငြိမ်းချမ်းရေးအတွက် လှုပ်ရှားမှုများပြုလုပ်ခဲ့သဖြင့် မေလ၊ ၅ ရက်နေ့မှ စတင်ပြီး တစ်ပတ်အတွင်း တရားစွဲဆိုခံထားရသော အမှု အရေအတွက်မှာ ၁၃ မှုရှိပြီး တက်ကြွလှုပ်ရှားသူ ၄၂ ဦး တရားရင်ဆိုင်နေရကြောင်း သိရသည်။ အမှု ၁၃ မှုမှာ ရန်ကုန်တွင် ရ မှု၊ မန္တလေးတွင် ၃ မှု၊ ကချင်ပြည်နယ်တွင် ၂ မှုနှင့် ပဲခူးတွင် ၁ မှု ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly