ဆိုင်ကယ်အား မြေသယ်ယာဉ်ကြိတ်မိရာမှ သေဆုံးသူများကို လာသယ်သည့်ယာဉ် ဘရိတ်ပေါက်ကာ လူ ၄ ဦးအား ၀င်တိုက်

ဆိုင်ကယ်အား မြေသယ်ယာဉ်ကြိတ်မိရာမှ သေဆုံးသူများကို လာသယ်သည့်ယာဉ် ဘရိတ်ပေါက်ကာ လူ ၄ ဦးအား ၀င်တိုက်
ဓာတ်ပုံ-AFP ဖားကန့်ရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းခွင်တစ်ခုအတွင်းရှိ မြေစာသယ်ယာဉ်

မေ ၁၅ ။            ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ မေလ ၁၃ ရက် ညပိုင်းက မြေသယ်ယာဉ်ကြိတ်မိသဖြင့် သေဆုံးသူ၊ ဒဏ်ရာရှိသူအား လာသယ်သည့်ယာဉ် ဘရိတ်ပေါက်ကာ  လူ ၄ ဦးအား ၀င်တိုက်မိခဲ့မှု ဖြစ်ပွားခဲ့၍ စုစုပေါင်း လူ ၃ ဦး သေဆုံးကာ လူ ၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 ဖြစ်စဉ်မှာ မေလ ၁၃ ရက်နေ့ ည ၈ နာရီခွဲ အချိန်တွင် ဖားကန့်မြို့နယ် နန့်မှော်ကျေးရွာအနီး ရတနာစန်းရွှင် (ခ)ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီ၏ မြေစာသယ်သည့်လမ်း၌ ယာဉ်မောင်း မျိုးဇော်ဟိန်း (၂၄)နှစ် မောင်းနှင်လာ သည့် (၁၀)ဘီးမြေသယ်ယာဉ်အား ဆိုင်ကယ်မှကျော်တက်စဉ် ဆိုင်ကယ် လဲကျရာ မြေသယ်ယာဉ်၏ ယာဘက်နောက်ဘီးဖြင့် ကြိတ်မိခဲ့သည်။  ဆိုင်ကယ်မောင်းနှင်စီးနင်းလာသူ အောင်ကိုဟန်(၂၄)နှစ် ၊ အောင်မြင့်သူ (၂၁)နှစ် နှင့် ရွှေမြ(၂၅)နှစ်တို့ ၃ ဦးအနက် အောင်ကိုဟန်နှင့် အောင်မြင့်သူ တို့ ၂ ဦးတွင် မျက်နှာကြေမွ၊ ဝဲပေါင်ကျိုးဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ရွှေမြတွင် ယာနားထင်ပွန်းပဲ့၊ ယာဒူးခေါင်းကွဲဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ထို့နောက် ည ၉ နာရီခွဲခန့်တွင် အဆိုပါ သေဆုံး/ ဒဏ်ရာ ရရှိသူများအား သယ်ဆောင်ရန်ထွက်ခွာလာသော တိုယိုတာဖိုးဝှီးယာဉ်သည် အခင်းဖြစ်နေရာမရောက်မီ ၁ ဖာလုံခန့် အကွာ ကုန်းအတက်၌ ဘရိတ်ပေါက်၍ နောက်ပြန်လျောကျခဲ့ရာ ဦးသိန်းလှိုင်(၅၀)နှစ်ပါကျား ၄ ဦး အား တိုက်မိခဲ့၍ ဦးသိန်းလှိုင်သည် ဦးခေါင်းထိပ် ပေါက်ပြဲ၊ ရင်ဘတ်ပွန်းပဲ့ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးကာ လှစိန်ထွန်း(၃၈)နှစ်တွင် ဦးခေါင်း/ယာ လက်ခုံပေါက်ပြဲ ဒဏ်ရာများ (စိုးရိမ်ရ)နှင့် ဦးသန်းညွန့် (၃၈)နှစ်ပါ ကျား ၂ ဦးတို့တွင် ပွန်းပဲ့ပေါက်ပြဲ ဒဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

မေလ ၁၃ ရက် ည ၁၀ နာရီ အချိန်တွင် မြေသယ်ယာဉ်ကြိတ်မိသဖြင့် သေဆုံး/ ဒဏ်ရာရရှိသူများအား လည်းကောင်း၊ ဖိုးဝှီးယာဉ်တိုက်မိမှုကြောင့် သေဆုံး/ဒဏ်ရာရရှိသူများအား လည်းကောင်း ဖားကန့် ပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့သည်။

မေလ ၁၄ ရက်နေ့တွင် မြေသယ်ယာဉ် ယာဉ်မောင်း မျိုးဇော်ဟိန်း(ဖမ်းမိ)အား ဖားကန့်မြို့မရဲစခန်းမှ ယာဉ် (ပ) ၁၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈(ပေါ့လျော့မှုကြောင့် လူသေမှုု/ပြင်းထန်နာကျင်စေမှု)ဖြင့် လည်းကောင်း၊ ဖိုးဝှီးယာဉ်မောင်း မောင်ချင်းနီ(ဖမ်းမိ)အား (ပ)၁၂/၂၀၁၈၊ ရာဇသတ် ကြီးပုဒ်မ ၃၀၄-က/၃၃၈ (ပေါ့လျော့မှုကြောင့် လူသေမှု/ ပြင်းထန် နာကျင်စေမှု)ဖြင့် လည်းကောင်း အမှုဖွင့် စစ်ဆေးလျက် ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly