ငြိမ်းချမ်းရေးဆန္ဒပြမှုကြောင့် တစ်ပတ်အတွင်း တက်ကြွလှုပ်ရှားသူ ၄၂ ဦးထိ တရားရင်ဆိုင်နေရ

ငြိမ်းချမ်းရေးဆန္ဒပြမှုကြောင့် တစ်ပတ်အတွင်း တက်ကြွလှုပ်ရှားသူ ၄၂ ဦးထိ တရားရင်ဆိုင်နေရ
ဓာတ်ပုံ - AFP

ရန်ကုန်၊ မေလ ၁၅ ။                  ။ ငြိမ်းချမ်းရေးအတွက် ဆန္ဒပြမှုများကြောင့် မေလ၊ တစ်ပတ်အတွင်း တက်ကြွလှုပ်ရှားသူ ၄၂ ဦးထိ တရားရင် ဆိုင်နေရကြောင်း အသံ( လွတ်လပ်စွာထုတ်ဖော်ပြောခွင့် လှုပ်ရှားမှုအဖွဲ့) အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခက မဇ္စျိမသို့ ပြောသည်။

" လက်ရှိ ဒီ တရားရင်ဆိုင်နေရတဲ့ ၄၂ ဦးထဲမှာဆိုရင် အများစုက လူငယ်တွေနဲ့ အမျိုးသမီးတွေဖြစ်နေတာကို ကျွန်တော်တို့က တွေ့ရတယ်။ ဒီ ကချင်ပြည်နယ်မှာဆိုလည်း အမျိုးသမီးဦးဆောင်ခဲ့တာတွေ့တယ်။ အဲ့ဒီလို ရန်ကုန်မှာဆိုရင်လည်း ဒီတာမွေအိုရှင်းနားမှာ ပြခဲ့တဲ့ ဆန္ဒပြပွဲမှာ အမျိုးသမီး ၃ ဦး ဦးဆောင်ပြီးတော့ လုပ် ဆောင်ခဲ့တာတွေ့ရတယ်ဗျ" ဟု မောင်ဆောင်းခက ပြောသည်။

ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းမှစပြီး ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့(KIA) တို့ အကြားတိုက်ပွဲများဖြစ်ပွားခဲ့သည်။

ယင်းတိုက်ပွဲများကြောင့် ရန်ကုန်အပါအဝင် ကချင်၊ မန္တလေး၊ မြင်းခြံနှင့် ပြည်တို့တွင် စစ်ပွဲများရပ်တန့်ရေးနှင့် ပိတ်မိနေသော စစ်ဘေးသင့်ဒုက္ခသည်များ လွတ်မြောက်ရေးအတွက် ငြိမ်းချမ်းရေးအတွက် ဆန္ဒပြမှုများ၊ ကဗျာရွတ်ဖတ်ခြင်းများအပါအဝင် ဒုက္ခသည်များအတွက် အလှူငွေ ကောက်ခံခြင်း စသည့် လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ လှုပ်ရှားမှုများပြုလုပ်ခဲ့သဖြင့် မေလ၊ ၅ ရက်နေ့မှ စတင်ပြီး တစ်ပတ်အတွင်း တရားစွဲဆိုခံထားရသော အမှုအရေအတွက်မှာ ၁၃ မှုရှိပြီး တက်ကြွလှုပ်ရှားသူ ၄၂ ဦး တရားရင်ဆိုင်နေရကြောင်း သိရသည်။

" တချို့တွေကတော့ တမင်တကာကိုပဲ ငြိမ်းစုစီကို မတင်ဘဲနဲ့ လမ်းလျှောက်တယ်။ ဆန္ဒပြကြတယ်။ အဲ့ဒီ အတွက် အရေးယူတာရှိသလို၊ တချို့ကြတော့လည်း အဲ့ဒီလို အရေးယူခြင်းမခံရအောင် အားလုံးပါဝင်လို့ ရအောင်ဆိုပြီးတော့ ငြိမ်းစုစီတင်သော်လည်းပဲ အကြောင်းအမျိုးမျိုးပြပြီး ငြိမ်းစုစီပါမစ်ကို ငြင်းပယ်တာမျိုး၊ အဲ့ဒါမျိုးတွေလုပ်ပြီးတော့ တနည်းနည်းနဲ့ပေါ့နော်။ ဖြိုခွဲတာတွေ အရေးယူဆောင်ရွက်တာတွေ တွေ့နေရ တယ်"ဟု အသံ( လွတ်လပ်စွာထုတ်ဖော်ပြောခွင့်လှုပ်ရှားမှုအဖွဲ့) အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခက ပြောသည်။

အဆိုပါ မေလ ပထမပတ်အတွင်း တရားစွဲခံထားရသည့် အမှု ၁၃ မှုမှာ ရန်ကုန်တွင် ရ မှု၊ မန္တလေးတွင် ၃ မှု၊ ကချင်ပြည်နယ်တွင် ၂ မှုနှင့် ပဲခူးတွင် ၁ မှု ဖြစ်ကြောင်း သိရသည်။

" ကျွန်တော်တို့ အမြဲတမ်းပြောနေရတဲ့ ကိစ္စရှိတယ်။ စစ်ပွဲရပ်ဆိုရင် တချို့လူတွေက စစ်တပ်ကိုပဲ တစ်ဖက် သတ်ရပ်ခိုင်းနေတယ်။ KIA ကို အားပေးတယ် စသဖြင့် အဲ့ဒီလိုမျိုးမြင်ကြတယ်။ ကျွန်တော်တို့ကတော့ အမှန် တရားဘက်မှာရပ်မယ်။ အဓိကတော့ ကျွန်တော်တို့ စစ်ပွဲရပ်လို့ပြောတဲ့အခါမှာ ဘယ်တော့မှ တစ်ဖက်သတ် ပြောနေတာမဟုတ်ဘူး။   နှစ်ဖက်လုံးကို   မေတ္တာရပ်ခံနေတာဖြစ်တယ်"ဟု မောင်ဆောင်းခက ပြောသည်။

မေလ ၁၂ ရက်နေ့၊ ညနေပိုင်းက ရန်ကုန်၊ တာမွေမြို့နယ်တွင် စစ်ပွဲများရပ်တန့်ရေးနှင့် ငြိမ်းချမ်းရေးတောင်းဆို ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က လူစုခွဲစဉ် ဝင်ရောက်ဖမ်ဆီးခဲ့ပြီး ပါဝင်ခဲ့သူ ၁၇ ဦးကို ဗဟန်းမြို့နယ်ရဲစခန်းတွင် ငြိမ်းစုစီပုဒ်မ ၂ဝ ဖြင့် အမှုဖွင့်ခဲ့သည်။

မေလ ၁၄ ရက်နေ့ ညနေကလည်း ရန်ကုန်၊ မဟာဗန္ဓုလပန်းခြံအတွင်း ငြိမ်းချမ်းရေး ကဗျာရွတ်ပွဲ ပြုလုပ်ခဲ့ရာ တွင် ခွင့်ပြုချက်မရှိဘဲ ပြုလုပ်သဖြင့် စည်ပင်သာယာအဖွဲ့နှင့် ရဲတပ်ဖွဲ့က တားဆီးခဲ့ပြီး ဦးဆောင်သူ ကိုရွှေကြယ်မိုး၊ ကိုခန့်မင်းထက်နှင့် အမှတ်တရစကားပြောခဲ့သူ တကသကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်တို့ ၃ ဦးကို ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly