မြောက်ကိုရီးယားတို့ နျူကလီးယားလက်နက်များကို အလုံးစုံစွန့်လွှတ်မည်မဟုတ်ဟု ပြည်ပြေးတစ်ဦးပြောဆို

မြောက်ကိုရီးယားတို့ နျူကလီးယားလက်နက်များကို အလုံးစုံစွန့်လွှတ်မည်မဟုတ်ဟု ပြည်ပြေးတစ်ဦးပြောဆို

 

ဆိုးလ်၊ တောင်ကိုရီးယား၊ မေ ၁၅ ။                         ။ မြောက်ကိုရီးယားတို့အနေဖြင့် ၄င်းတို့၏နျူကလီးယားလက်နက်များကို ဘယ်တော့မှအလုံးစုံစွန့်လွှတ်သွားမည် မဟုတ်ကြောင်း   မြောက်ကိုရီးယားထိပ်သီးပြည်ပြေးတစ်ဦးက ကင်မ်ဂျံုအမ်းနှင့် ဒေါ်နယ်ထရမ့်တို့၏ လာမည့် လတွင် ပြုလုပ်မည့် သမိုင်းဝင်တွေ့ဆုံပွဲမတိုင်မီတွင် ပြောဆိုခဲ့သည်။

လက်ရှိသံတမန်ရေးရာဆောင်ရွက်ချက်များနှင့် ညှိုနှိုင်းဆွေးနွေးမှုများသည် မြောက်ကိုရီးယားတို့၏ လက်နက်စွန့်လွှတ်ရေးအစီအစဉ်ကို ပြီးမြောက်စေမည်မဟုတ်သော်လည်း ၄င်းတို့၏ နျူကလီးယားနှင့် ခြိမ်းခြောက်မှုများကိုမူ လျော့နည်းသွားစေမည်ဖြစ်ကြောင်း လွန်ခဲ့သော ၂၀၁၆ သြဂုတ်လက ပြည်ပြေးတစ်ဦး ဖြစ်လာခဲ့သည့် ဗြိတိန်ဆိုင်ရာ မြောက်ကိုရီးယားဒုတိယသံအမတ် တေးယောင်ဟိုက ဆိုခဲ့သည်။

“အဆုံးသတ်မှာတော့ မြောက်ကိုရီးယားတို့ဟာ နျူကလီးယားလက်နက်ကင်းစင်တဲ့ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ခံရပြီးတော့ နျူကလီးယားအင်အားကို ဆက်လက်ပိုင်ဆိုင်နေဦးမှာဖြစ်ပါတယ်” ဟု တေးယောင်ဟိုက တောင်ကိုရီးယားသတင်းအေဂျင်စီ Newsis သို့ ပြောဆိုခဲ့သည်။

မြောက်ကိုရီးယား၏ နျူကလီးယားနှင့်ဒုံးပျံစမ်းသပ်မှု အစီအစဉ်များနှင့်ပက်သက်ပြီး အဓိကထားဆွေးနွေးမည့် စင်္ကာပူနိုင်ငံ၌ ဇွန်လ ၁၂ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်သော ကင်မ်ဂျံုအမ်းနှင့် ထရမ့်တို့၏ သမိုင်းဝင်ထိပ်သီး စည်းဝေးပွဲမတိုင်မီတွင် တေးယောင်ဟိုက ယခုလိုမှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သောလကပြုလုပ်ခဲ့သည့် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားခေါင်းဆောင်များ၏ တွေ့ဆုံပွဲတွင် ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယားလက်နက်ကင်းစင်ရေးကို အဓိထာားပြောဆိုခဲ့ပြီး မကြာသေးခင်ကလည်း ပြံုယမ်းအစိုးရဘက်မှ ၄င်းတို့၏နျူကလီးယားစမ်းသပ်ရေးစခန်းကို လာမည့်အပတ်တွင် ဖျက်သိမ်းပစ်မည်ဟု ကြေညာခဲ့သည်။

၀ါရှင်တန်အစိုးရကမူ မြောက်ကိုရီးယားတို့ဘက်မှ နောက်ပြန်မလှည့်နိုင်သည့် နျူကလီးယားလက်နက်အလုံးစုံ ဖျက်သိမ်းမှုမျိုးကိုသာ အလိုရှိနေကြောင်း သိရသည်။ ပြံုယမ်းအစိုးရကလည်း ၄င်းတို့၏လုံခြံုရေးကို အာမခံချက် ပေးနိုင်ပါက ၄င်းတို့အနေဖြင့် နျူကလီးယားလက်နက်များကို မလိုအပ်ကြောင်း ပြောဆိုထားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံထဲမှ ထွက်ပြေးလာခဲ့သည့် ရာထူးမြင့်အရာရှိများထဲမှတစ်ဦးဖြစ်သော တေးယောင်ဟိုက မူ “မြောက်ကိုရီးယားဘက်ကတော့ နျူကလီးယားလက်နက် အလုံးစုံဖျက်သိမ်းရေးလုပ်ငန်းစဉ်ဟာ ၄င်းတို့နိုင်ငံ ကို ပြိုလဲသွားစေနိုင်တယ်လို့ စောဒကတက်မှာဖြစ်ပြီး ယင်းအစီအစဉ်ကို ဆန့်ကျင်ဖို့ရာခိုင်နှုန်းများပါတယ်” ဟု ပြောဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags