ဘန်ကောက်ဗုံး သံသယရှိသူကို ဖမ်းဆီးပြီးနောက် နောက်ထပ်သံသယရှိသူများကို ထိုင်းရဲက အပြင်းအထန် လိုက်လံရှာဖွေနေ

ဘန်ကောက်ဗုံး သံသယရှိသူကို ဖမ်းဆီးပြီးနောက် နောက်ထပ်သံသယရှိသူများကို ထိုင်းရဲက အပြင်းအထန် လိုက်လံရှာဖွေနေ
သြဂုတ်လ ၂၉ရက်နေ့က ထိုင်းဘုရင့်ရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းတွင် ဗုံးခွဲမှုတရားခံကို ပေါက်ကွဲပစ္စည်းများနှင့်အတူ တွေ့ရစဉ်။ တရားခံမှာ ထိုင်ခုံပေါ်တွင် ထိုင်နေသူဖြစ်ပြီး ရဲတပ်ဖွ့၏ ပြောကြားချက်အရ လုံခြံုရေးကင်မရာတွင် ပေါ်လာသည့်လူနှင့် ကိုက်ညီသည်ဟု ဆိုသည်။ ဓာတ်ပုံ - ရိုက်တာ။

ဘန်ကောက်၊ သြဂုတ်-၃၀ ။          ။ နိုင်ငံခြားသားတစ်ဦးကို ဖမ်းဆီးပြီး၊ ဘန်ကောက် တိုက်ခန်းအဆောက်အအုံတစ်ခုကို စီးနင်းစဉ်အတွင်း နိုင်ငံကူးလက်မှတ်အတုများနှင်း ဗုံးပြုလုပ်သည့် ပစ္စည်းများ ကိုတွေ့ရှိခဲ့ပြီးနောက် ထိုင်းရဲတပ်ဖွဲ့က လူအများအပြားသေဆုံးခဲ့ရသည့် ဗုံးခွဲတိုက်ခိုက်မှုနှင့် ပတ်သက်၍ နောက်ထပ်သံသယရှိသူများကို ရှာဖွေရန်အတွက် စုံစမ်းစစ်ဆေးမှုကွန်ရက်ကို ချဲ့ထွင်လာခဲ့သည်။

၂၀၁၄ခုနှစ်ကတည်းက ထိုင်းနိုင်ငံတွင် ရောက်ရှိနေခဲ့သည့် ၂၈နှစ်အရွယ် အမျိုးသားတစ်ဦးကို တရားမဝင် ပေါက်ကွဲပစ္စည်းများပိုင်ဆိုင်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့သော်လည်း မည်သူမည်ဝါ (သို့မဟုတ်) မည်သည့်နိုင်ငံသားဖြစ်သည်ကိုတော့ ရဲတပ်ဖွဲ့က အတိအကျ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။

သြဂုတ်လ ၁၇ရက်နေ့က ထိုင်းနှင့် အာရှခရီးသည်များ နေ့စဉ် အုပ်လိုက်သွားရောက်လည်ပတ်ရာ ဘန်ကောက်မြို့လယ်မှ ဧရာဝဏ် ဟိန္ဒူဘုရားကျောင်းတွင် ဗုံးခွဲတိုက်ခိုက်မှုက ထိုင်းနိုင်ငံတစ်ဝန်းလုံးကို အံ့သြတုန်လှုပ်သွားစေခဲ့သည်။

တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်မှ ၇ယောက်နှင့် နိုင်ငံခြားသား ၁၄ယောက်အပါအဝင် လူ ၂၀ သေဆုံးခဲ့ရသည့် တိုက်ခိုက်မှုမှာ နဂိုကတည်းက တန့်အီနေသည့် ထိုင်းစီးပွားရေးကို ချိနဲ့သွားစေရန် ရည်ရွယ်သည်ဟု အာဏာရစစ်အစိုးရက ပြောကြားခဲ့သည်။  

ယခုရက်သတ္တပတ်တွင် ဗုံးခွဲတိုက်ခိုက်မှု၏ နောက်ကွယ်တွင် မည်သူရှိနေသည်နှင့် ပတ်သက်၍ သဲလွန်စအနည်းငယ်ကို မတွေ့ရှိမီအထိ ပုံမှန်မဟုတ်သော စုံစမ်းစစ်ဆေးမှုများအတွက် ရဲတပ်ဖွဲ့မှာ အဝေဖန်ခံနေရပြီး မည်သည့်အုပ်ကမျှ မိမိတို့၏ လက်ချက်ဖြစ်သည်ဟု ကြေညာလာခြင်းလည်း မရှိခဲ့ပေးပေ။

ယခုဖမ်းဆီးခံထားရသူက သတင်းအချက်အလက်အသစ်များ ထုတ်ဖော်ပြောကြားခဲ့သလားဆိုသည်ကိုလည်း ရဲတပ်ဖွဲ့က ပြောကြားရန် ငြင်းဆန်ခဲ့ပြီး နောက်ထပ် သံသယရှိသူများကို ရှာဖွေနေသည်ဟု သာနိုင်ငံတော် ဒုရဲချုပ် ချက်တစ် ချိုင်ဂျင်ဒါက ထိုင်းရုပ်သံသို့ ပြောကြားခဲ့သည်။

ဘန်ကောက် နန်းချောက်ရပ်ကွက် ရဲနှင့် ဒေသခံများ၏ ပြောကြားချက်အရ သံသယရှိသူမှာ အဆောက်အုံအဟောင်းကြီး၏ တစ်ထပ်တည်းမှ အခန်း ၄ခန်းစလုံးကို ငှားရမ်းထားခဲ့သည်ဟု ဆိုသည်။

သံသယရှိသူမှာ တစ်ယောက်တည်းနေထိုင်ခြင်းမဟုတ်ပဲ အရပ်မြင့်မြင့်လူတစ်ယောက်မှာ နေ့စဉ်ဝင်ထွက်နေသည်ဟု တစ်ထပ်တည်းတွင် နေထိုင်သည့် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်တို့က ရိုက်တာသို့ ပြောကြားခဲ့သည်။ ဒုတိယလူကိုမူ သောကြာနေ့မှဟ၍ မတွေ့ရတော့ဟု ဆိုသည်။

''သူတို့ကို မကြာခဏ နှစ်ယောက်တွဲပြီး တွေ့ရတတ်တယ်။ တစ်ယောက်က အခု အဖမ်းခံနေရတဲ့လူ။ နောက် အရပ်မြင့်မြင့်နဲ့ လူတစ်ယောက်ကျန်သေးတယ်''ဟု လုံခြုံရေးအတွက် စိုးရိမ်၍ အမည်မဖော်လို သည့် အမျိုးသားက ပြောကြားခဲ့သည်။

ဖမ်းဆီးထိန်းသိမ်းခံရသူမှာ တစ်ကိုယ်တည်း ဧကစာကျင့်နေတတ်ပြီး အမြဲတန်း အာရုံစူးစိုက်နေပုံပေါ်ကာ ရှားရှားပါးပါး အပြင်ထွက်သည့်အခါများတွင်လည်း ယုံကြည်ချက်ပြင်းပြစွာလျှောက်လှမ်း သွားလေ့ ရှိသည်ဟု ဆိုသည်။ မကြာခဏဆိုသလို အခန်းအပြင်ဘက်တွင် ဒူးထောက်၍ ဝတ်ပြုဆုတောင်းနေသည်ကိုလည်း တွေ့ကြရသည်ဟု ဆိုသည်။

ဗုံးခွဲတိုက်ခိုက်မှုကို ပြုလုပ်စေရန် မည်သည့်အုပ်စုများက တွန်းအားပေးစေခိုင်းနိုင်သည်ကိုလည်း ခန့်မှန်းချက်များ ထွက်ပေါ်လာနေခဲ့သည်။

ထိုခန့်မှန်းချက်များထဲတွင် တိုင်းရင်းသား မလေးသူပုန်များ၊ စစ်အစိုးရကို ဆန့်ကျင်သူများ၊ နိုင်ငံခြား စစ်သွေးကြွအုပ်စုများနှင့် ဝီဂါမွတ်စလင်လိုလားသူများ စသည်ဖြင့် ပါဝင်နေကြသည်။ ထိုင်းနိုင်ငံက ယမန် လက ဝီဂါ၁၀၀ကျော်ကို တရုတ်နိုင်ငံသို့ အင်အားသုံး၍ လွှဲပြောင်းပေးခဲ့မှုကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအတွင်း ဒေါသထွက်ခဲ့ကြသည်။

တရုတ်နိုင်ငံအနောက်ဖျားမှ ဝီဂါမျိုးနွယ်စုများစွာမှာ အရှေ့တောင်အာရှမှတစ်ဆင့် တူရကီသို့ ဝင်ရောက်နိုင်ရန် လမ်းကြောင်းရှာနေကြသည်။

စနေနေ့ကမူ ဖမ်းဆီးခဲ့သူမှာ လုံခြုံရေးကင်မရာတွင် ပေါ်လာသော ဘုရားကျောင်းတွင် ကျောပိုးအိတ်ကို ထားရစ်ခဲ့ပြီး ဗုံးမပေါက်ကွဲမီ ထွက်ခွာသွားခဲ့သည့် ဆံပင်အနက်ရောင် ကြမ်းကြမ်း၊ ရှပ်အင်္ကျ ီအဝါနှင့် အဓိက သံသယရှိသူ လူငယ်တစ်ယောက်ဖြစ်သည်ဟု ရဲက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly