မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်သစ်အဖြစ် ဂျာမနီနိုင်ငံသားနည်းပြ အန်တွမ်နီဟေးကို ခန့်အပ်

မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်သစ်အဖြစ် ဂျာမနီနိုင်ငံသားနည်းပြ အန်တွမ်နီဟေးကို ခန့်အပ်
ဓာတ်ပုံ- Antoine Hey twitter

မေလ ၁၄ ။              ။ မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ်သစ်အဖြစ် ဂျာမနီနိုင်ငံသား နည်းပြ အန်တွမ်နီဟေးနှင့်အဖွဲ့အား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ခန့်အပ်တာဝန်သွားမည်ဖြစ်ကြောင်း   မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ မေလ ၁၄ ရက်တွင် ထုတ်ပြန်ကြေညာသည်။

ဂျာမနီနိုင်ငံသား နည်းပြ အန်တွမ်နီဟေး ဦးဆောင်သော နည်းပြအဖွဲ့နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများက  မေလ ၃ ရက် မနက်ပိုင်းက အဖွဲ့ချုပ်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ယင်းကဲ့သို့ ကြေညာလိုက်ခြင်း ဖြစ်သည်။

အသက် ၄၇ နှစ်အရွယ် ဂျာမန်နည်းပြ အန်တွမ်နီဟေး (Antoine Hey) သည် ကစားသမားဘဝက ကွင်းလယ်လူအဖြစ် ဆွစ်ကလပ် ဂရက်စ်ဟော့ပါး၊ ဂျာမန်ကလပ် ဒက်ဆယ်လ်ဒေါ့ဖ်၊ ရှော့ကေး၊ ကိုလုံး၊ အင်္ဂလန်ကလပ် ဘာမင်ဂမ်၊ ဘရစ္စတိုးလ်၊ အစရှိသည့် ကလပ်များတွင် ပါ၀င်ကစားခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် အနားယူခဲ့သည်။ ယင်းနောက် နည်းပြ အဖြစ် ဂမ်ဘီယာ၊ လိုင်ဘေးရီးယား၊ ကင်ညာ၊ ရဝမ်ဒါ အစရှိသည့် အာဖရိက နိုင်ငံလက်ရွေးစင် အသင်းများအား ကိုင်တွယ်ခဲ့ကာ နည်းစနစ် ဒါရိုက်တာအဖြစ်လည်း ဘာရိန်း ဘောလုံးအဖွဲ့ချုပ်နှင့် လိုင်ဘေးရီးယား ဘောလုံး အဖွဲ့ချုပ်များတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ဂျာမန်နိုင်ငံသား လက်ထောက်နည်းပြ ခီမယ် ဟာလက်သည် UEFA (A) လိုင်စင်ရနည်းပြ တစ်ဦးဖြစ်ပြီး ဂိုးနည်းပြ ကာစတန်ဟာဇော့ မှာလည်း ဂျာမနီကလပ်အသင်းများတွင် ဂိုးနည်းပြအဖြစ် တာဝန်ထမ်းဆောင် ခဲ့သူဖြစ်သည်။

၂၀၁၅ ခုနှစ်တွင် မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အေဗရာမိုဗစ်၊ ၂၀၁၈ မတ်လ တို့တွင် နည်းပြချူပ် ဂတ်ဆီီဇီတို့သည် ရလဒ်များဆိုးရွားပြီးနောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် လမ်းခွဲခဲ့ကြသည်။

နည်းပြချုပ်သစ်ခန့်အပ်ခြင်း၊ မြန်မာ့လက်ရွေးစင်အသင်း၏ လာမည့် နိုင်ငံတကာပွဲများ၊ ဖိတ်ခေါ်ပွဲများ၊ ပြင်ဆင်မှု များနှင့်စပ်လျဉ်း၍ ဖိတ်ကြားရှင်းလင်းပွဲတစ်ရပ်ကို လာမည့် မေလ ၁၆ ရက်နေ့ မွန်းလဲဲွ(၂းဝဝ)နာရီ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly