ကချင်တနိုင်းဒေသတွင် တရားဝင်စစ်ရှောင်စခန်းဖွင့်ပေးရန်အပါအဝင် အချက် ၅ ချက် UCCPF တောင်းဆို

ကချင်တနိုင်းဒေသတွင် တရားဝင်စစ်ရှောင်စခန်းဖွင့်ပေးရန်အပါအဝင် အချက် ၅ ချက် UCCPF တောင်းဆို

ရန်ကုန်၊ မေလ ၁၄ ရက် ။                            ။ ကချင်ပြည်နယ် တနိုင်းဒေသတွင်ရှိသော စစ်ဘေးရှောင်ပြည်သူများ ကျန်းမာရေးနှင့် စားဝတ်နေရေး အဆင်ပြေစေရန်အတွက် တရားဝင်စစ်ဘေးရှောင်စခန်းများဖွင့်လှစ်ပေးရန် အပါအဝင် အချက် ၅ ချက်ကို ပြည်ထောင်စုအဆင့်အရပ်ဖက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်ကော်မတီ(UCCPF) က မေလ ၁၄ ရက်တွင် တောင်းဆိုလိုက်သည်။

ကချင်ပြည်နယ်တွင် လတ်တလောဖြစ်ပွားနေသည့်အခြေအနေများနှင့်ပတ်သက်၍ UCCPF မှ မေလ ၃ ရက် နေ့မှ ၁၁ ရက်နေ့အထိ မြစ်ကြီးနားမြို့နှင့် တနိုင်းမြို့များသို့သွားရောက်တွေ့ဆုံခဲ့ပြီးနောက် ယင်းသို့တောင်းဆို လိုက်ခြင်း ဖြစ်သည်။

UCCPF က တရားဝင်စစ်ဘေးရှောင်စခန်းများဖွင့်လှစ်ပေးရေးအပြင် စားပွဲဝိုင်းတွင် အဖြေရှာရန်၊ စစ်ဘေး ရှောင်များအတွက် စားဝတ်နေရေးအပါအဝင် ထိရောက်စွာ ကူညီဆောင်ရွက်ပေးရေး ပါ၀င်သည့် အချက် ၅ ချက် တောင်းဆိုခဲ့သည်။

"စိတ်မကောင်းစရာတွေ့ရတာကတော့ အဲဒီတနိုင်းဒေသကို ဆန်ပေးမဝင်ဘူး၊ ဆန်မသယ်ရဘူး၊ ဆီမသယ် ရဘူး။ အဲဒီအခြေအနေမှာတော့ တနိုင်းမြို့မှာရှိနေတဲ့စစ်ဘေးရှောင်တွေအတွက်တော့ စိုးရိမ်စရာတစ်ခု ဖြစ်တယ်။ အဲဒီတော့ဘာသာရေးခေါင်းဆောင်တွေက အဲဒီမှာတရားဝင် IDP Camp ဖွင့်ပေးဖို့ပေါ့နော်။ အဲဒီလို မဟုတ်ဘူးဆိုရင် ဒီလူတွေရဲ့ စားဝတ်နေရေးနဲ့ ကျန်းမာရေးအခြေအနေက ဆိုးရွားတဲ့ အခြေအနေ ဖြစ်နိုင်တယ်ပေ့ါနော်" ဟု UCCPF မှ ကိုစိုးဌေး က ပြောသည်။

ရက်သတ္တပတ် တစ်ပတ်ကြာ ကချင်ပြည်နယ်ခရီးစဉ်အတွင်း မြစ်ကြီးနားမြို့နှင့် တနိုင်းမြို့ပေါ်မှ စစ်ဘေး ရှောင်ပြည်သူများ၊ ကချင်ပြည်နယ်အရပ်ဖက်အဖွဲ့အစည်းများ၊ ဘာသာရေးခေါင်းဆောင်များ၊ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ တနိုင်းမြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေဆုံခဲ့သည်ဟု သိရသည်။

တောင်းဆိုမှုများတွင် (၁) စစ်ပွဲများအတွင်းရောက်ရှိနေသော စစ်ဘေးရှောင်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် ကချင်ပြည်နယ်အစိုးရ အပါအဝင်၊ သက်ဆိုင်ရာအဖွဲ့အစည်းများ အနေဖြင့် အရပ်ဖက်အဖွဲ့အစည်းများနှင့် ထိရောက်စွာပူးပေါင်းဆောင်ရွက်ရန်၊ (၂) စစ်ပွဲများရပ်တန့်ရေးနှင့်ငြိမ်းချမ်းရေး အတွက် ဆန္ဒဖော်ထုတ်မှုများကို အကြမ်းဖက်ဖြေရှင်းခြင်းမပြုရန်နှင့် လက်ရှိ ပုဒ်မတပ် ဖမ်းဆီးအရေးယူမှုများကို အမြန်ဆုံးရုပ်သိမ်းပေးရန်၊ (၃) တနိုင်းမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် တရားဝင် IDP များ အဖြစ် အမြန်ဆုံးအသိအမှတ်ပြုကာ စစ်ရှောင်စခန်းများဖွင့်လှစ်ပေးရန်၊ (၄) လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်နေစဉ်အတွင်း စစ်ရေးနည်းဖြင့် မဖြေရှင်းဘဲ၊ ပြည်သူများထိခိုက်မှုမရှိစေရန် စားပွဲဝိုင်း ပေါ်တွင် နိုင်ငံရေးနည်းဖြင့် ညှိနှိုင်းအဖြေရှာရန်၊ (၅) ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ချုပ်ဆိုခဲ့ သော ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီလုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင် KIO ကိုယ်စားလှယ်အဖွဲ့တို့၏ သဘောတူစာချုပ်၏ ပူးတွဲ ၂ ပါ အတိုင်း နှစ်ဘက်လိုက်နာရန်အချက်များကို သက်ဆိုင်ရာအဖွဲ့အစည်းများမှ အတိအကျလိုက်နာရန်၊ စသည့်အချက် ၅ ချက် ပါ၀င်နေသည်။

"ကျွန်မတို့သွားတဲ့ဘက်မှာတော့ ကချင်ပြည်နယ်မြစ်ကြီးနားဘက်မှာ IDP Camp တွေရှိတယ်ဆိုတော့ နေရေး ထိုင်ရေးကတော့ အဆင်ပြေတယ်ပြောလို့ရတယ်။ တနိုင်းဘက်မှာတော့ တော်တော်လေး အခြေအနေ ဆိုးတယ်။ အခြေအနေဆိုးတယ်ဆိုတာ သူတို့ကျတော့ စစ်ဘေးရှောင် Camp အနေနဲ့သတ်မှတ်ခြင်း မခံထားရဘူး။ ဘုရားကျောင်းမှာပဲ မှီခိုနေတာဆိုတော့ တော်တော်ကြပ်ကြပ်တည်းတည်းနဲ့ ။ ပိုပြီးတော့ ဆိုးတာကအမျိုးသမီးတွေ ကလေးတွေပေ့ါနော်" ဟု UCCPPF မွန်ပြည်နယ်ကိုယ်စားလှယ် မခိုင်ခိုင်လဲ့မြင့် က ပြောသည်။

ခရီးစဉ်အတွင်း တနိုင်းမြို့အနီး ရွာသုံးရွာမှ စစ်ဘေးရှောင်သူ ၂၀၀၀ ခန့်ရှိနေပြီး ဘာသာရေးခေါင်းဆောင် များနှင့် ချိတ်ဆက်ဆောင်ရွက်မှု၊ ပိတ်မိသူအချင်းချင်းတယ်လီဖုန်းလိုင်းမှတစ်ဆင့် ဆက်သွယ်ဆောင်ရွက်မှု များမှ ၂၀၀ ကျော်ကို ၄င်းတို့အနေဖြင့်် ကူညီနိုင်ခဲ့သည်ဟု ကိုစိုးဌေးက ဆိုသည်။

UCCPF အနေဖြင့် တစ်နိုင်ငံလုံးရှိအဖွဲ့အစည်းများမှရရှိလာသည့် အလှူငွေများကို တနိုင်းဒေသရှိ စစ်ဘေး ရှောင်လူငယ်နှင့် ကလေးများအတွက် ပညာရေးရန်ပုံငွေ ထူထောင်ပေးခဲ့သည်ဟု မခိုင်လဲ့လဲ့မြင့်က ပြောသည်။

"စစ်ပွဲတွေကိုရပ်ခိုင်းတာ စစ်ပွဲတွေရပ်ခိုင်းတယ်ဆိုတာ ဘယ်သူကရပ်ပါ၊ ဘယ််သူမတရားဘူးလို့ အော်နေတာ မဟုတ်ဘူး။ တိုက်နေတဲ့သူတွေအကုန်လုံးက ပြည်သူ့မျက်နှာကို မကြည့်တာလို့ပဲမြင်တယ်။ အကုန်လုံးနဲ့ ဆိုင်တယ်။ အဲဒါကြောင့်မို့ တောင်းဆိုနေတာ။ ဒါပေမယ့် တစ်ဖက်ကလည်းဘယ်လိုမြင်သွားလဲဆိုတော့ နားလည်မှု လွဲနေတယ်ထင်တယ်။ သူတို့စိတ်ထင်က တောင်းဆိုနေတဲ့လူငယ်တွေကို စစ်တပ်ဖက်ကိုပဲ ဖိအားပေးတယ်။ အဲဒီလိုမြင်နေလို့ဖြစ်မယ်။ တကယ်တော့အဲဒီလိုအခြေအနေမျိုးမဟုတ်ဘူး။ အခြေအနေ ကတော့ လက်နက်ကိုင်ပဋိပက္ခတွေမဖြစ်စေချင်လို့၊ ပြည်သူတွေနစ်နာမှာစိုးလို့ ။ အဲဒါကို သူတို့ နားလည်စေ ချင်တယ်" ဟု UCCPPF မွန်ပြည်နယ် ကိုယ်စားလှယ် မခိုင်ခိုင်လဲ့မြင့် က ဆိုသည်။

၎င်းအဖွဲ့အနေဖြင့် ကချင်ပြည်နယ်သို့ သွားရောက်မည့်အစီစဉ်တွင် KIO နှင့် တွေ့ဆုံရန် စီစဉ်ထားခဲ့သော် လည်း မတရားအသင်းနှင့်ဆက်သွယ်မှု တရားဥပဒေပုဒ်မ ၁၇(၁) ဖြင့် ညှိစွန်းနိုင်သည့်အတွက် မတွေ့ဆုံခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

လက်ရှိအချိန်တွင် ကချင်ပြည်နယ်၌ မြစ်ကြီးနားမြို့၊ ဖားကန့် နှင့် ချီဖွေ ဒေသများတွင် တရားဝင် စစ်ဘေးရှောင် စခန်းများ ရှိနေပြီး ကချင်ပြည်နယ်တစ်ခုလုံးတွင် စစ်ဘေးရှောင်ဦးရေ ရ၀၀၀ ခန့်ရှိနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ မှ ခန့်မှန်းထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly