အိန္ဒိယ ကက်ရှ်မီးယားဒေသ အဓိကရုဏ်းများကြောင့် ခရီးသွားလုပ်ငန်း ထိခိုက်

အိန္ဒိယ ကက်ရှ်မီးယားဒေသ အဓိကရုဏ်းများကြောင့် ခရီးသွားလုပ်ငန်း ထိခိုက်

သီရိနာဂါ၊ မေ ၁၄ ။          ။ ကမ္ဘာမြေပေါ်က ကောင်းကင်ဘုံဟု မကြာခဏ တင်စားခေါ်ဝေါ်သော အိန္ဒိယနိုင်ငံ ကက်ရှ်မီးယားဒေသမှ ခရီးသွားအချက်အခြာနေရာများသည် ပြီးခဲ့သည့် သီတင်းပတ် လုံခြံုရေးတပ်ဖွဲ့နှင့် ဆန္ဒပြသူများ၏ ထိပ်တိုက်တွေ့မှုအတွင်း လူတစ်ဦး သေဆုံးခြင်းအားဖြင့် မေ ၁၃ ရက်က ဧည့်လာရောက်မှု နည်းပါးသွားခဲ့သည်။

တမီလ်နာဒူး တောင်ပိုင်းပြည်နယ်မှ အသက် ၂၂ နှစ်အရွယ် ဧည့်သည် သေဆုံးခြင်းသည် မတည်ငြိမ်သည့် ဒေသကြောင့် ပြီးခဲ့သည့် နှစ်များအတွင်း အခက်အခဲတွေ့နေသည့် ခရီးသွားလုပ်ငန်းကဏ္ဍကို ပိုမိုဆိုးဝါးစေမည်ဟု အာဏာပိုင်များက စိုးရိမ်နေသည်။

အိန္ဒိယအစိုးရကို လမ်းပေါ်ထွက် ဆန့်ကျင်သူများ၏ ဆန္ဒပြမှုအတွင်း ပစ်ပေါက်သည့် ကျောက်ခဲထိမှန်ကာ အဆိုပါ တမီလ်မှ ဧည့်သည် သေဆုံးခြင်း ဖြစ်သည်။

“မဖြစ်သင့်တဲ့ ၀မ်းနည်းဖွယ် အဖြစ်အပျက်ပါပဲ။ ဒီကိစ္စကြောင့် ကက်ရှ်မီးယားကို လာမယ့် ဧည့်သည်တွေအပေါ် သက်ရောက်လိမ့်မှာပဲ ဖြစ်တယ်။”ဟု ကက်ရှ်မီးယား ဟိုတယ်နှင့် စားသောက်ဆိုင်အသင်း ဥက္ကဌဖြစ်သူ အက်ဘဒူမာဂျစ်က အီးပီအေသို့ ပြောသည်။

လှပသော ရေကန်များ၊ ရှုခခင်းများကြောင့် နာမည်ကြီးသည့် တောင်ကြားဒေသနေ ပြည်သူ တစ်သန်းကျော်အတွက် အားထားနေရသော ခရီးသွားလုပ်ငန်းအပေါ်  အဆိုပါကိစ္စရပ်က သက်ရောက်မည့်အရေးအတွက် မာဂျစ်က စိုးရိမ်ပူပန်ကြောင်း ဖော်ပြသည်။

ဒေသ၏ အဓိကစီးပွားရေးဖြစ်သော ခရီးသွားလုပ်ငန်းသည် ပဋိပက္ခများ အထွဋ်အထိပ်သို့ ရောက်ခဲ့သည့် ၁၉၉၀ ခုနှစ်များမှစပြီး သက်ရောက်မှု ကြုံနေရခြင်းပဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly