မူဆယ်တိုက်ခိုက်မှုဖြစ်စဉ်၌ သေဆုံးသူတစ်ဦးထပ်တိုး ၊ သေဆုံးသူ စုစုပေါင်း ၂၀ ဦး ဖြစ်လာ

မူဆယ်တိုက်ခိုက်မှုဖြစ်စဉ်၌ သေဆုံးသူတစ်ဦးထပ်တိုး ၊ သေဆုံးသူ စုစုပေါင်း ၂၀ ဦး ဖြစ်လာ
မူဆယ်မြို့ တံတားပေါ်တွင် လုံခြုံရေး ယူနေသည့် ပြည်သူ့စစ်တစ်ဦး။ ဓာတ်ပုံ-AFP

ရန်ကုန် ၊ မေ ၁၄ ။         ။ မူဆယ်မြို့တိုက်ခိုက်မှုဖြစ်စဉ်နှင့် မူလကနဦး သေဆုံးသူ ၁၉ ဦး ရှိသည့်အနက် တစ်ဦး ထပ်မံတိုးလာခဲ့ခြင်း ကြောင့် သေဆုံးသူ စုစုပေါင်း ၂၀ ဦး ဖြစ်လာခဲ့သည်ဟု မဇ္စျိမမှ သတင်းရရှိသည်။

မဇ္စျိမမှ ရရှိခဲ့သည့် သတင်းမှန်ကန်ကြောင်း ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ကူညီသယ်ယူပို့ဆောင်ပေးခဲ့သည့် မူဆယ်လူမှုဂရုဏာအသင်း တာဝန်ရှိသူ ဦးသောင်းထွန်းက အတည်ပြုပြောဆိုသည်။

မူဆယ်လူမှုဂရုဏာအသင်း သည် တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ဒဏ်ရာရရှိသူများအား ၀င်ရောက်ကယ်ဆယ် ခဲ့သည့် အဖွဲ့တစ်ဖွဲ့လည်းဖြစ်သည်။

"သေဆုံးတဲ့လူက စစချင်း ၁၉ ယောက်ပေါ့နော်၊ မန္တလေးကို ပို့တဲ့လူနာတစ်ယောက် ထပ်ပြီး သေဆုံးသွားတဲ့ အတွက် သေဆုံးသူက ယောကျ်ားလေး ၁၈ ယောက်နဲ့ မိန်းကလေး ၂ ယောက် စုစုပေါင်း ၂၀ ယောက် သေဆုံးသွားပါတယ်" ဟု ဦးသောင်းထွန်းက ဆိုသည်။

ပြီးခဲ့သည့် မေလ ၁၂ရက်နေ့နံနက်အစောပိုင်းတွင် ပလောင်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က မူဆယ်မြို့အနီးသို့ ၀င်ရောက်တိုက်ခိုက်ခဲ့ရာ အစိုးရလုံခြံုရေးတပ်ဖွဲ့များ ၊ပြည်သူ့စစ်များနှင့် TNLA တို့ အကြား နှစ်နာရီကျော်ကြာ ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။

တိုက်ခိုက်မှုဖြစ်စဉ် စတင်ခဲ့သည့် မေလ ၁၂ ရက်နေ့က ထုတ်ပြန်ထားသော အချက်အလက်များအရ အစိုးရဘက် နှင့် TNLA ဘက် ထုတ်ပြန်ချက်များမှာ ကွဲလွဲမှုများ ရှိနေသည်။

အစိုးရဘက်က ထုတ်ပြန်ချက်တွင် ၁၉ ဦး သေဆုံးပြီး ၂၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ခဲ့ပြီး TNLA ဘက်ကမူ ဒုရဲအုပ် အဆင့်ရှိသူ (၁) ဦး၊ အရပ်သား (၆) ဦး၊ ပြည်သူ့စစ် (၂၅) ဦး စုစုပေါင်း (၃၂) ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိသည်ဟု ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံသားများ ပြန်ပေးဆွဲခံရခြင်း ၊ လောင်းကစားကြောင့် ငွေညစ်မှုများ ရှိခြင်း ၊ သတ်ဖြတ်မှုများ ရှိနေခြင်းကြောင့် ပန်ဆေးပြည်သူ့စစ် လောင်းကစားရုံကို TNLA က ၀င်ရောက်တိုက်ခိုက်ရခြင်းဖြစ်သည်ဟု မေလ ၁၃ ရက်နေ့တွင် TNLA က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ၀င်ရောက်ရှင်းလင်းခဲ့သည့် ကာဆီနို လောင်းကစားရုံသည် မူဆယ်- နမ့်ခမ်း ကားလမ်းမ ၊မူဆယ်မြို့ အဝင် နမ့်ပေါ်ပန်ခမ်း တံတားအနီးတွင် တည်ရှိပြီး မြန်မာတပ်မတော် ကျောထောက်နောက်ခံဖြင့် ပန်ဆေးပြည်သူ့စစ်များက ဖွင့်လှစ်ထားခြင်းဖြစ်သည်ဟု TNLA ဘက်ကဆိုသည်။

တိုက်ခိုက်မှုဖြစ်စဉ်များကြောင့်  ကျည်ဆန်အချို့ တရုတ်နိုင်ငံတွင်းသို့ ကျရောက်ခဲ့ပြီး အရပ်သားအချို့လည်း ထွက်ပြေးတိမ်းရှောင်လာခဲ့သည်ဟု ရန်ကုန်မြို့ရှိ တရုတ်သံရုံးက မေလ ၁၂ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

တရုတ်သံရုံးမှ ထုတ်ပြန်ချက်တွင် အကြမ်းဖက်မှုကို ပြစ်တင်ရှုံ့ချထားခြင်းဖြစ်ပြီး အရပ်သားများ အပြစ်မရှိဘဲ သေဆုံးခြင်းအတွက် ဝမ်းနည်းကြောင်းလည်း ဖော်ပြပါရှိသည်။

မြန်မာအစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက "အပြစ်မဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဟာ တိုင်းရင်းသားအခွင့်အရေး တောင်းဆိုမှု မဟုတ်ပါ။ အဖျက် အမှောင့် အကြမ်းဖက်လုပ်ရပ်သာ ဖြစ်ပါတယ်”  ဟု သူ့၏ လူမှုကွန်ယက်စာမျက်နှာတွင် မေလ ၁၂ ရက်နေ့က ရေးသားထားသည်။

လက်ရှိအချိန်တွင် မူဆယ်မြို့၏ အခြေအနေမှာ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့်အတွက် ပုံမှန် သွားလာလှုပ်ရှားမှုများ ရှိနေသည်ဟု မူဆယ်လူမှုဂရုဏာအသင်း တာဝန်ရှိသူလည်းဖြစ် ဒေသခံဖြစ်သူ ဦးသောင်းထွန်းက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly