ပါကစ္စတန်၌ တံတားပြိုကျ၍ ကျောင်းသား ၅ ဦးသေဆုံးပြီး ၁၂ဦးပျောက်ဆုံး

ပါကစ္စတန်၌ တံတားပြိုကျ၍ ကျောင်းသား ၅ ဦးသေဆုံးပြီး ၁၂ဦးပျောက်ဆုံး

မူဇာဖာရာဘတ်၊ ပါကစ္စတန်၊ မေ ၁၄ ။         ။ ပါကစ္စတန်အုပ်ချုပ်ခွင့်ရ ကတ်ရှ်မီးယားဒေသရှိ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရာ နေရာ၌ တံတားပြိုကျမှုဖြစ်ပွားခဲ့၍ ကျောင်းသား ၅ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၁၂ဦးပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက ပြောဆိုခဲ့ပြီး အသက်ရှင်ကျန်ရစ်သူများကိုရှာတွေ့ဖို့ မျှော်လင့်ချက်ရေးရေးသာရှိတော့ ကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။

တောင်တန်းဒေသဖြစ်သော နီးလမ်ခရိုင်အတွင်းရှိ လျှိုမြှောင်တစ်ခုနှင့်ဆက်ထားသော ယင်းတံတားသည် ရေတံခွန်ကိုကြည့်ရှုရန်လာသော တက္ကသိုလ်ကျောင်းသား ၃ ဒါဇင်ခန့် ယင်းအပေါ်မှဖြတ်သန်းလာစဉ်တွင် ပြိုကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျောင်းသားအလောင်း ၄လောင်းနဲ့ ကျောင်းသူတစ်ဦးရဲ့အလောင်းတို့ကို ကျနော်တို့ ပြန်ရှာတွေ့ခဲ့ပါတယ်။ ၁၂ ယောက်ပျောက်ဆုံးနေပါသေးတယ်။ ရေတွေက ရေခဲတမျှအေးနေတာကြောင့် သူတို့ကိုအသက်ရှင်လျက် ပြန်ရှာတွေ့မယ်လို့ ကျနော်တို့ မမျှော်လင့်တော့ပါဘူး” ဟု ကတ်ရှ်မီးယားဒေသ၏ မြို့တော်မူဇာဖာရာဘတ်၏ အကြီးတန်းအစိုးရအရာရှိဖြစ်သူ ချာဒရီအင်တီယက်ဇ်က ပြောခဲ့သည်။

ယင်းဖြစ်စဉ်အတွင်း အခြားကျောင်းသား၊ကျောင်းသူ ၈ ဦးခန့်လည်း ဒဏ်ရာရရှိခဲ့ကြောင်း အင်မ်တီယက်ဇ်က ဖြည့်စွက်ပြောဆိုခဲ့သည်။

အာဏာပိုင်များအနေဖြင့် ယင်းတံတားအနီး၌ သတိပေးဆိုင်းဘုတ်များပြထားကြောင်းနှင့် တံတားပေါ်မှတစ်ခါ ဖြတ်လျှောက်လျှင် လူအနည်းငယ်ခန့်သာဖြတ်သန်းနိုင်ကြောင်း ခရီးသွားဧည့်သည်များကို သတိပေးပြောဆို ထားခဲ့ကြောင်း ဒေသတွင်းရဲတပ်ဖွဲ့မှ အရာရှိဖြစ်သူ ဆာလမ်ဒူရာနီက ဆိုခဲ့သည်။ ယင်းတံတားသည် တစ်ခါဖြတ်လျှင် လူ ၅ဦးခန့်သာ ဖြတ်သန်းနိုင်ကြောင်း သိရသည်။

“တံတားပြိုကျသွားခဲ့တာက လူ ၄၀ လောက်တစ်ပြိုင်နက်တည်း ယင်းအပေါ်ကနေ ဖြတ်လျှောက်ခဲ့လို့ပါ” ဟု ဒူရာနီက ဆိုခဲ့သည်။

ဟိမဝန္တာတောင်တန်းဒေသရှိ ရှုခင်းလှပသော ယင်းနယ်မြေသည် ခရီးသွားဧည့်သည်များကို ဆွဲဆောင်ထားနိုင် သော်လည်း အခြေခံအဆောက်အဦးများ ပြည့်စုံလုံလောက်ခြင်းမရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly