အာဖဂန်နစ္စတန် အကောက်ခွန်ဌာနရုံး အကြမ်းဖက်တိုက်ခိုက်ခံရ၍ လူ ၉ ဦးထက်မနည်းသေဆုံး

အာဖဂန်နစ္စတန် အကောက်ခွန်ဌာနရုံး အကြမ်းဖက်တိုက်ခိုက်ခံရ၍ လူ ၉ ဦးထက်မနည်းသေဆုံး

ကာဘူးလ်၊ မေ ၁၄ ။           ။ အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်း ဂျာလာလာဘတ်မြို့မှ အစိုးရရုံးအဆောက်အဦး တနင်္ဂနွေနေ့က အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရ၍ လူ ၉ ဦးထက်မနည်းသေဆုံးပြီး လူ ၃၀ ခန့်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ဆိုခဲ့သည်။

အကောက်ခွန်ဌာနရုံးချုပ်၌ဖြစ်ပွားခဲ့သော ယင်းတိုက်ခိုက်ခံရမှုအတွင်း အကြမ်းဖက်သမားတစ်ဦးအပါအဝင် လူ ၉ ဦးခန့်သေဆုံးခဲ့ရကြောင်း နန်ဂါဟာခရိုင်အုပ်ချုပ်ရေးမှူး၏ ပြောရေးဆိုခွင့်ရှိသူက ဆိုခဲ့သည်။

“အခုအချိန်ထိတော့ အလောင်း ၄ လောင်းနဲ့ ဒဏ်ရာရသူ ၂၀ ခန့်ကို ခရိုင်ဆေးရုံသို့ ပို့ဆောင်ကုသပေးနေပါ တယ်” ဟု ခရိုင်ကျန်းမာရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အီနာမူလာမီယာခယ်လ်က ဆိုခဲ့သည်။ အကြမ်းဖက် သမားများသည် ကားဗုံးဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး ထို့နောက်တွင် ဌာနချုပ်ထဲသို့ စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သူက ဖြည့်စွက်ပြောဆိုခဲ့သည်။

ယင်းဖြစ်စဉ်သည် ဒေသစံတော်ချိန် နေ့လည် ၁၂း၅၀ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်သမား အရေအတွက်နှင့် မည်သူမည်ဝါဖြစ်သည်ဆိုတာကို စုံစမ်းနေဆဲဖြစ်ကြောင်း နန်ဂါဟာရဲတပ်ဖွဲ့က ဆိုခဲ့သည်။ အခင်းဖြစ်ပွားရာနယ်မြေအတွင်း၌ အထူးတပ်ဖွဲ့များကိုချထားပြီး အကြမ်းဖက်သမားများနှင့် လုံခြံုရေးတပ်ဖွဲ့များ ၏ တိုက်ပွဲမှာ မပြီးဆုံးသေးကြောင်း ရဲတပ်ဖွဲ့က ဆိုခဲ့သည်။

ပြီးခဲ့သော ရက်သတ္တပတ်များအတွင်း အာဖဂန်နစ္စတန်နိုင်ငံအတွင်း၌ သောင်းကျန်းသူများ၏ တိုက်ခိုက်မှုအများ အပြားကြောင့် လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရသည်။

ဒါ့အပြင် ပါလီမန်ရွေးကောက်ပွဲများအတွက် မဲပေးနိုင်ရန် စာရင်းပေးသွင်းသည့်စင်တာများကိုလည်း အကြမ်းဖက်သမားများက ပစ်မှတ်ထားတိုက်ခိုက်ခဲ့သောကြောင့် သေဆုံးသူ ၈၆ ဦးရှိခဲ့ပြီး ဒဏ်ရာရသူ ၁၈၅ ဦးအထိရှိခဲ့ကြောင်း အာဖဂန်နစ္စတန်အတွင်းရှိ ကုလသမဂ္ဂမစ်ရှင်အဖွဲ့မှဖော်ပြလာသော အချက်အလက်များ အရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly